Tuesday, May 13, 2008

မုန်တိုင်းအလွန် - ရန်ကုန်က ဒိုင်ယာရီ - ၎


မုန်တိုင်းအလွန် - ရန်ကုန်က ဒိုင်ယာရီ - ၎
(မေ ၉၊ ၂၀၀၈)
သူ
မေ ၁၂၊ ၂၀၀၈

သူငယ်ချင်း ဟေမန်သဇင်

ရန်ကုန်စစ်မျက်နှာက ငါစာရေးလိုက်တယ်။

နင့်ကို ဒီနေ့သတင်းကောင်းနဲ့ စပြောနိုင်ဖို့ ငါအတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ မနေ့က စာထဲမှာ ငါကတိပေးထားသလို သတင်းကောင်းနဲ့ မ စ နိုင်ရင်တောင် ပေါ့ပေါ့ပါးပါး သတင်းလေးနဲ့ ဒီနေ့စာကို ဖွင့်မယ်လို့ ငါတွေးထားခဲ့တယ်။

ဒါပေမဲ့ …

အခု မနက် မော်လမြိုင်ကျွန်းက ငါ့အမျိုးတယောက် ယောက်လာတယ်။ ညီင်္ဝမ်းကွဲဆိုပါတော့။ ငါသတင်းလုပ်ငန်းကို လုပ်တယ်ဆိုတာ ရိပ်ခြည်သံဖမ်းသိတဲ့ ညီလေးက သူတွေ့ကြုံခဲ့တာတွေကို ပြောပြချင်လွန်းလို့ ငါ့ကို လိုက်ရှာလာခဲ့တာ။

သူကတော့ မော်ကျွန်းတမြို့နယ်ထဲမှာ အနည်းဆုံး ၂ သောင်း တော့ အသက်ဆုံးမယ်လို့ ခန့်မှန်းတယ်။ ပြဿနာက မော်ကျွန်းမြို့ပေါ်မှာရော၊ ရွာတွေမှာပါ ကယ်ဆယ်ရေး အစီအစဉ် ဘာမှ မရှိတာပဲ။ မြို့ပေါ်မှာတော့ ဒုက္ခသည်စခန်း ၇ ခု ရှိတယ်။ ဒါပေမဲ့ ဒုက္ခသည်စခန်းဆိုတာ လူစုပေးထားတာပဲ ရှိတယ်။ လိုအပ်တဲ့ ဆေးဝါး စားနပ် ရိက္ခာ မလုံလောက်ဘူး။ ရှေ့ဦးသူနာပြုနည်းပဲ ရှိပြီး အစိုးရက မထောက်ပံ့လို့ မြို့ခံလူထုကပဲ ကျားကန်ထားကြရတယ်။

မော်ကျွန်းမြို့နယ်အတွင်းမှာ ရွာပေါင်း ၁၀၁ ရွာ ရှိပြီး တချို့ကျေးရွာတွေ ရွာလိုက် ပျောက်သွားကြတယ်လို့ ညီလေးက ပြောပြတယ်။ မြို့ပေါ်မှာ တပ်ရင်း ၅၃၄ ရှိပေမယ့် သူတို့လည်း ထွက်မလာကြတော့ဘူး။ ရွာတွေက ထွက်ပြေးပြီး မြို့ပေါ်ကို ရောက်လာကြတဲ့ ဒုက္ခသည်တွေကို လက်ခံထားဖို့ စားနပ်ရိက္ခာနဲ့ နေရာ မရှိတာလည်း ဖြစ်နိုင်ပါတယ်။ မြို့ပေါ်မှာ ဒုက္ခသည်တွေ များရင် ဗိုလ်ချုပ်တွေ မျက်နှာညိုမှာစိုးတာရယ်၊ သတင်းတွေ အမှန်အတိုင်း ပေါက်ကြားမှာ စိုးတာရယ်လည်း ဖြစ်နိုင်တယ်။

မြို့ပေါ်က လူုတွေ သိပ်စိတ်တိုနေကြတယ်။ ကယ်ဆယ်ရေးအစီအစဉ် ဘာမှ မရှိတာကြောင့် ဆိုပါတော့။ မီဒီယာတွေမှာလည်း မော်ကျွန်းသတင်းက တက်မလာခဲ့ဘူး။ ညီလေးက ပြောတယ်၊ မြို့ပေါ်က လူတွေကတော့ စိတ်တိုဖို့ ခွန်အားနဲ့ အခြေအနေ ရှိသေးတယ် တဲ့။ ရွာမှာ ကျန်ခဲ့တဲ့ လူတွေနဲ့ ဒုက္ခသည်စခန်းက လူတွေက ခါးသီးလွန်းတဲ့ ဖြတ်သန်းမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အရမ်းကြီးသွားခဲ့ပြီ။

ညီလေးက ဒုက္ခသည် စခန်း သွားကြည့်တဲ့အခါ စကားလည်း မပြော၊ အစာလည်း မစားဘဲ ငူငူကြီး ထိုင်ပြီး မျက်ရည် ကျနေသူတွေကို တွေ့ခဲ့ရတယ်။

သူက ပြောပြတယ်။ ဒုက္ခသည်စခန်းထဲမှာ ဒုက္ခသည်အများစုက အမျိုးသားလူငယ်နဲ့ လူလတ်ပိုင်းတွေ တဲ့။ ကြမ်းတမ်းတဲ့ လေပြင်းအားနဲ့ လှိုင်းရိုက်ခိုက်မှုမှာ ကလေး၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အသက်ဆုံးရှုံးခဲ့ကြရတာပေါ့။


ညီလေးက ဆက်ပြောတယ်။

"အခုတော့ မိသားစုတွေ ဆုံးရှုံးရလို့ ရှော့ခ် ရနေတဲ့ ကျေးရွာသားတွေ ဘာမှ မတွေးနိုင်သေးဘူး။ ခဏနေရင် သူတို့ ဒေါသထွက်လိမ့်မယ်။ အဲဒီပေါက်ကွဲမှုက ပြင်းထန်လိမ့်မယ် …" တဲ့။

ဘိုကလေးမြို့ပေါ်မှာတော့ မေ ၇ ရက်နေ့က ရဲ နှစ်ယောက်ကို ဒေါသထွက်နေတဲ့ လူတချို့က ဓါးနဲ့ ထိုးသတ်သွားကြသတဲ့။ စားစရာ မရှိလို့ ရရာယူမယ်ဆိုတဲ့ ဒုက္ခသည်တွေက မြို့ပေါ်က မုန့်ဆိုင်တဆိုင်ကို ဖျက်ပြီး စားစရာတွေ ယူကြချိန်မှာ ရဲ နှစ်ယောက်က ၀င်တားရင်း ဒေါသထွက်နေတဲ့ လုယက်သူတွေက ဓါးနဲ့ ထိုးသွားကြတာပဲ။

ငါ့ကို ထပ်မေးပါဦး ဟေမန်။ "ကယ်ဆယ်ရေး ကော …" လို့။

ဘိုကလေးမြို့ထဲကို တရုတ်လုပ် စစ်ထရပ်ကား FAW တွေ အစင်း ၃၀ စစ်သားအပြည့်နဲ့ ၀င်လာတယ်။ ဒီတပ်က ဖျာပုံက တပ် ဆိုပါတော့။ ရောက်ရောက်ချင်းပဲ စားစရာမရှိတဲ့ မြို့ကလေးက သူတို့ကို ရှိတာ မျှဝေကျွေးခဲ့ကြရတယ်လို့ ဘိုကလေးသားက ပြောပြတယ်။

ဖျာပုံသား တဦးကတော့ အခုလိုပြောတယ်။

" မြို့ထဲကို တပ်မ ၆၆ က စစ်သားတွေ အများကြီး ရောက်လာတယ်။ ဒီကောင်တွေမှာ စားစရာ ဘာမှ ပါမလာဘူး။ အခု ကျနော်တို့က ပြန်ကျွေးထားရတယ်။" တဲ့။

ကွမ်းခြံကုန်းမှာတော့ ဖြတ်သွားတဲ့ ကားပေါ်က ပစ်ချပေးတဲ့ မုန့်နဲ့ရေဗူးကို လမ်းဘေးက စစ်သားတချို လက်အုပ်ချီပြီး ယူနေကြလေရဲ့။

ပြောရရင် မော်ကျွန်းက ကံကောင်းသေးတယ်။ "ကယ်ဆယ်ရေး"တွေ ရောက်မလာတဲ့ အတွက်။

ဟေမန်ရေ

ဒို့တိုင်းပြည်ကြီး ကမ္ဘာပျက်နေချိန်မှာ သတင်းစာထဲမှာတော့ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းလို့ အချို့ယူဆကြတဲ့ ကလောင်ရှင် စိုးမြကျော်က မေလ ၇ ရက်က စပြီး "အကောင်းဆုံး" ဆိုတဲ့ အခန်းဆက် ဆောင်းပါးနဲ့ ပြည်သူတွေကို အခြေခံဥပဒေ ထောက်ခံမဲပေးရေး ဆော်သြနေတယ်။ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ထက် စစ်တပ်ရဲ့ အာဏာကို တရားဝင်ပြုလုပ်ဖို့ပဲ အစိုးရ တဖွဲ့လုံး အာရုံထားနေကြတယ်။

ပြည်ပက အကူအညီတွေ၊ ပညာရှင်တွေ၊ ဘာမှ ၀င်မလာနဲ့။ လက်ကျန်ဒုက္ခသည်တွေ သေသွားပြီးမှ အားလုံးကို ရှင်းပြီး အပြင်ကလူတွေကို တဖြည်းဖြည်း လက်ခံလိမ့်မယ်လို့ ပြည်သူတွေက တွက်ကြတယ်။

မနေ့က ငါ့သူငယ်ချင်း ဓာတ်ပုံသတင်းထောက် တယောက်က လူစုံတုန်း မှတ်ချက်ချတယ်။

"ဒီကောင်တွေ ခွေးထက် မိုက်တဲ့ ကောင်တွေ …" တဲ့။ ဘေးနားမှာရှိတဲ့ ခွေးချစ်သူ စာရေးဆရာတယောက်က ၀င်ပြောတယ်။

"သူတို့ကို ဘယ်တော့မှ ခွေးနဲ့ နှိုင်းမပြောပါနဲ့ဗျာ၊ ခွေးတွေဟာ အင်မတန် သစ္စာရှိပါတယ်။ သူတို့ကို ထမင်းကျွေးတဲ့သူကို ဘယ်တော့မှ ပြန်မကိုက်ပါဘူး" တဲ့။

ဟေမန်ရေ

မော်ကျွန်းက ညီလေး ပြောပြတာလေးတွေ ရှိသေးတယ်။ သူမော်ကျွန်းကနေ မော်တော်နဲ့ မြစ်ရိုးတလျောက် ထွက်လာတော့ မြစ်ရေတွေဟာ နံလိုက်တာတဲ့။ ပြီးတော့ မြစ်ထဲမှာ ကျက်စားလေ့ရှိတဲ့ ရေငှက်တွေလည်း မတွေ့ရတော့ဘူးတဲ့။

လူသားတွေရဲ့ အသက်တွေ၊ လယ်ယာလုပ်ငန်းနဲ့ စီးပွားရေး အခြေခံတွေသာ ပျက်စိးရုံ မကဘူး၊ လူ့အဖွဲ့အစည်းအတွက် အရေးအကြီးဆုံးဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ပါ ယိုယွင်း ပျက်စီးသွားတာ။ လဲကျနေတဲ့ သစ်ပင်ကြီးတွေကို မြင်ရတာ ကြေကွဲစရာ ကောင်းလှတယ်။

ငါသူငယ်ချင်း တယောက်က ပြောတယ်။

" သစ်ပင်ကြီးတွေ လဲကျနေတာကို မြင်ရင် ငိုချင်တယ်။ ကျနော့်စိတ်ထဲမှာတော့ အလောင်းတလောင်း မြင်ရသလိုပဲ …" တဲ့။

ဟေမန်ရေ …

ဒီစာကို သတင်းကောင်းနဲ့ မစနိုင်ပေမယ့် သတင်းကောင်းနဲ့ အဆုံးသတ်တော့မှာပါ။ အခုပဲ ဟိုဖက် ရပ်ကွက်က မိတ်ဆွေက ဖုန်းဆက်တယ်။ သူ့ဖက်မှာ မီးပြန်လာပြီတဲ့။ ငါဒီစာကို ရပ်ပြီး သူ့အိမ်မှာ ဖုန်းအတွက် ဓာတ်ခဲ အားသွင်းလိုက်ဦးမယ်။

မနက်ဖြန် ဆန္ဒခံယူပွဲကို လေ့လာဖို့ တခြား မြို့တမြို့ကို ငါသွားမယ်။ နင့်ကို စာလှမ်းရေးမယ်လေ။ စောင့်နေဦး။

နင့်သူငယ်ချင်း
သူ
ရန်ကုန်
မေ ၉၊ ၂၀၀၈

http://moemaka.blogspot.com/

A

B

C

The Kitchen မီးဖိုချောင်