Thursday, May 8, 2008

မုန်တိုင်းအလွန် - ရန်ကုန် က ဒိုင်ယာရီ

မုန်တိုင်းအလွန် - ရန်ကုန် က ဒိုင်ယာရီ
(မေ ၅၊ ၂၀၀၈)
သူ
မေ ၈၊ ၂၀၀၈

သူငယ်ချင်း ဟေမန်သဇင်

ရန်ကုန်စစ်မျက်နှာက ငါစာရေးလိုက်တယ်။ ဘာအလင်းရောင်မှ မရှိတဲ့ မြို့ပျက်ကြီးရဲ့ ညမှာ ဖယောင်းတိုင်တတိုင်ရဲ့ အလင်းနဲ့ ဒီစာကို ငါရေးနေတာ ဟေမန်။ နင်တို့ သိပ်စိတ်ပူနေမယ်ဆိုတာ ငါသိတယ်လေ။ ငါ့မျက်လုံးကို မှိတ်လိုက်တဲ့အခါ ဆန်ဖရန်စစ္စကိုက နွေးထွေးပျော်ရွှင်ဖို့ကောင်းတဲ့ နင်တို့မိသားစု အိမ်ကလေးကို သတိရနေတယ်။ ဥဏ်ရည်ထက်ပြီး သိပ်ချစ်စရာကောင်းတဲ့ သမီးလေးကိုလည်း ငါသိပ်လွမ်းပါတယ်။

ငါနဲ့ ငါ့မိသားစု အထိအခိုက်မရှိပါဘူး ဟေမန်။ ငါတို့အိမ်အမိုးပေါ်မှာ သစ်ပင်ကြီးကြီးတပင် လာပိနေပေမယ့် အိမ်ကလေးကို ငါတို့ စွန့်ခွာလာခဲ့ရပေမယ့်၊ အခု ယာယီနေ နေရတဲ့နေရာမှာ သောက်စရာ၊ သုံးစရာ ရေမရှိပေမယ့် ငါတို့ ကျန်းမာနေဆဲပါ။

ရန်ကုန်ကို နင်မှတ်မိမှာ မဟုတ်ဘူး ဟေမန်။ ဘာဖြစ်လို့လဲဆိုတော့ ငါတောင် ရန်ကုန်ကို မမှတ်မိတော့လို့ဘဲ။ ဒီမှာပဲ အမြဲနေနေရတဲ့ လူတယောက်တောင် မြို့ကြီးရဲ့ အရင်ပုံရိပ်တွေကို ဖမ်းဆုပ်လို့ မရတော့ရင် နှစ်တွေကြာအောင် ခွဲခွာသွားခဲ့တဲ့ နင့်အတွက် ဒီမြို့က သိပ်စိမ်းနေတော့မယ်။

လမ်းတွေနဲ့ အိမ်တွေပေါ်မှာ ပြိုလဲကြနေတဲ့ တချိန်က ရန်ကုန်မြို့ရဲ့ ဂုဏ်ယူစရာ သစ်ပင်စိမ်းစိမ်းကြီးတွေ၊ ကျိုးပဲ့ပွင့်ထွက်နေတဲ့ သမိုင်းဝင်အဆောက်အဦကြီးတွေ၊ လမ်းပေါ်မှာ ကျီးလန့်စာစား ပြေးလွှားနေကြတဲ့လူတွေ၊ တချိန်က အမြဲတမ်း ဟန်နဲ့ပန်နဲ့ ရှိုးနဲ့ မိုးနဲ့ နေခဲ့ကြတဲ့ ရန်ကုန်မြို့သားတွေရဲ့ မျက်နှာပေါ်က အကြောက်တရား၊ ဒေါသနဲ့ သောကတွေ …။

ရန်ကုန်ဟာ စစ်မျက်နှာပါ ဟေမန်၊ ရန်ကုန်ဟာ စစ်မျက်နှာပါ …။

ဒါပေမဲ့ ဒီစစ်ဟာ သဘာဝဘေးအန္တရာယ်နဲ့ လူသားတွေ အကြားက စစ်ပွဲပဲလို့ ရိုးရိုးရှင်းရှင်း သတ်မှတ်လို့ မရပါဘူး။ ဒီစစ်ပွဲဟာ ဆိုင်ကလုန်းဆိုး "နာဂစ်" နဲ့ မြန်မာပြည်သူတွေအကြားက ပြသနာတခုဆိုတာထက် အဓိပ္ပါယ် အများကြီး ပိုပါတယ်။ ဒီစစ်ပွဲဟာ တာဝန်မဲ့မှုနဲ့ နာကျင်မှုအကြားက စစ်ပွဲ။ ဒီစစ်ပွဲဟာ ရက်စက်မှုနဲ့ အမှန်တရား အကြားက စစ်ပွဲ။ ဒီစစ်ပွဲဟာ ဖိနှိပ်မှုနဲ့ မျှော်လင့်ချက် အကြားက စစ်ပွဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် …

ရန်ကုန်ဟာ စစ်မျက်နှာပဲ ဟေမန်။

မေလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ ရန်ကုန်ဟာ အရင်အတိုင်းပဲ စည်စည်ကားကားရှိနေခဲ့တယ်။ ရန်ကုန်မြို့သားတွေလည်း ရုံးတက်၊ ဈေးဝယ်၊ လည်ပတ်နဲ့ ပုံမှန်နိစ္စဓူဝထဲမှာ လည်ပတ်နေတုန်းပဲ။ သမိုင်းတွင်မယ့် ခြောက်ခြားစရာ အပြောင်အလဲတခု လာနေပြီဆိုတာကို ဘယ်သူမှ သတိမထားမိကြဘူး။ သတိထားမိအောင်လည်း ဘယ်သူကမှ ဒီမြို့သားတွေကို ကြိုတင်အသိမပေးခဲ့ကြဘူး။

မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ မိုးတွေ ရွာနေခဲ့တယ် ဟေမန်။ တကယ်တော့ မိုးရွာနေခဲ့တာ ရက်အနည်းငယ်တောင် ရှိသွားပြီ။ မိုးထဲမှာ ပျော်ပြီးသား ရန်ကုန်သားတွေအတွက် မေလရဲ့မိုးဟာ ပန်းနဲ့ပေါက်သလိုပါ။ တချို့က မုန်တိုင်းတခု လာနေပြီဆိုတာကို သိကြတယ်။ တချို့က မသိကြဘူး။ ဒါပေမဲ့ သေချာတာတခုကတော့ သိသူရော မသိသူတွေပါ ဒီမုန်တိုင်းရဲ့ ပြင်းအားနဲ့ ဖျက်ဆီးအားကို မသိခဲ့ကြပါဘူး။

ဆိုင်ကလုန်းမုန်တိုင်း ရန်ကုန်မြို့ကို ဦးတည်လာနေခဲ့တယ်။ ဒါပေမဲ့ စိုးရိမ်မှု မလွန်ကဲပါနဲ့ ဆိုတဲ့ အစိုးရရဲ့ တိုတိုတုတ်တုတ် ကြေညာချက်အောက်မှာ ဒီနေ့အိမ်ကို စောစောပြန်ဖို့နဲ့ တခါးလုံအောင်ပိတ်ပြီး အိပ်ယာထဲမှာ ကွေးဖို့လောက်ပဲ မြို့သားအများစုက ယူဆခဲ့ကြတယ်။

ရေကို ကြိုတင်စုဆောင်းထားဖို့၊ စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ထားဖို့၊ အထပ်မြင့်မြင့်က လူတွေနဲ့ တောရွာကလူတွေ လုံခြုံတဲ့နေရာကို ကြိုတင်ရွေ့ပြောင်းထားကြဖို့ ပြည်သူတွေကို ဘယ်သူကမှ ကြိုတင် သတိမပေးကြဘူး။

တကယ်ကတော့ "နာဂစ်" လာနေပြီဆိုတာကို ရက်တွေနဲ့ ကြိုပြီး သိနေခဲ့ပြီးသား။ မိုးလေ၀သဂြိုလ်တုတွေနဲ့ ပြည်ပသတင်းဌာနတွေက ခန့်မှန်းထားပြီးသား။ "နာဂစ်" ဟာ ကြိုတင်မသိနိုင်တဲ့ ငလျင်တခုမဟုတ်ဘူး။ သူ့ခရီးစဉ်ကို ကြိုတင်အသိပေးပြီး ဟိန်းဟောက်ချီတက်လာတဲ့ မုန်တိုင်းတခု။ ဒါပေမဲ့ ပြည်ပအဖျက်သမားတွေရဲ့ ကြိုးဆွဲရုပ်သေး အစိုးရ ပေါ်ပေါက်လာမှာကို မလိုလားသူတိုင်း - အခြေခံဥပဒေကို ထောက်ခံမဲပေးကြ … ဆိုတဲ့ ကြွေးကြော်သံကိုပဲ ဖိအော်နေကြတဲ့ အစိုးရမီဒီယာတွေက "နာဂစ်" ကို နေရာမပေးခဲ့ကြဘူး။

ဒီလိုနဲ့ သနားစရာကောင်းတဲ့ မြန်မာပြည်သူတွေဟာ ရက်စက်ကြမ်းကြုပ်တဲ့ သဘာဝဘေးအန္တရာယ်ကြီးဆီကို ကူရာ ကယ်ရာမဲ့စွာနဲ့ တလှမ်းချင်းတိုးဝင်သွားခဲ့ကြတယ်။ တကယ်တော့ သတ်ကွင်းထဲကို မတော်တဆရောက်သွားတာ မဟုတ်ပါဘူး။ သတ်ကွင်းထဲကို အပို့ခံလိုက်ကြရတာပါ။

ည ၁၁ နာရီခွဲ လောက်ကတည်းက တဖြည်းဖြည်းမောင်းတင်လာတဲ့လေဟာ ညသန်းခေါင်ကျော်မှာ အရှိန်သိပ်ကောင်းနေပြီ။ မနက် ၃ နာရီလောက်မှာတော့ ကြောက်စရာအကောင်းဆုံး မုန်တိုင်းတခုကို ရင်ဆိုင်နေရပြီဆိုတဲ့ အသိနဲ့အတူ (ဒီတကြိမ်လည်း) အစိုးရရဲ့ သစ္စာဖောက်မှုကို ခံရပြန်ပြီဆိုတဲ့အသိက ရန်ကုန်မြို့သားတွေဆီကို ၀င်ရောက်ခဲ့ပါပြီ။ မုန်တိုင်းဟာ ကြောက်မက်ဖွယ်သတ္တ၀ါကြီးတကောင်လို အော်ဟစ်နေတယ်။ ကောင်းကင်မှာ သွပ်ပြားတွေ ၀ဲပျံနေတယ်။ သစ်ပင်တွေ တ၀ုန်းဝုန်းပြတ်ကျနေတယ်. နောက် တနေ့ နေ့လည်အထိ စက္ကန့်တိုင်းဟာ ကြောက်စရာ အတိပြီးခဲ့တယ်။

နောက်တနေ့ မုန်တိုင်းစဲလို့ လမ်းမပေါ်ကို ထွက်ကြည့်ကြတဲ့အခါ အပျက်အစီးပုံတွေကြားက စစ်မြေပြင်တခုကို ရန်ကုန်မြို့သားတွေ တွေ့ရှိလိုက်ကြတယ်။ လမ်းပေါ်မှာ ပြိုလဲနေတဲ့ သစ်ပင်ကြီးတွေက ပိတ်ဆို့နေတယ်။ ကားတွေ ယာဉ်တွေ ပျက်စီးနေကြတယ်။ အဆောက်အဦတွေ ပြိုကျနေတယ်။ ဓာတ်တိုင်၊ ဖုန်းကြိုး၊ ဘာမှ မရှိတော့ဘူး။ ရန်ကုန်ဟာ "နာဂစ်" ရဲ့ ဖ၀ါးအောက်မှာ ပြားပြားဝပ်သွားခဲ့ပြီ။

လူတွေဟာ ခြောက်ခြားစွာနဲ့ မြို့တော်ကြီးကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေကြတယ်။ ကြောက်စရာအကောင်းဆုံး မြင်ကွင်းတခုကတော့ ကောင်းကင်မှာ အုပ်လိုက် ပျံသန်းရင်း ထိတ်လန့်အော်ဟစ်နေကြတဲ့ ကျီးကန်းအုပ်ကြီးတွေပဲ။ သစ်ပင်တွေ ပြိုလဲကုန်ကြလို့ နားခိုစရာမရှိပဲ အထိတ်တလန့်ဖြစ်နေကြတဲ့ ကျီးကန်းအုပ်တွေက ရန်ကုန်မြို့ရဲ့ကောင်းကင်မှာ နိမ့်နိမ့်လေးတွေ ပျံရင်း အော်ဟစ်နေကြပုံဟာ ခြောက်ခြားစရာ ကောင်းလှတယ်။

ငါ့မိတ်ဆွေ ပန်းချီဆရာကြီးတဦးကတော့ မှတ်ချက်ချတယ်။ "ဗန်ဂိုး ကိုယ့်ကိုယ်ကို သတ်မသေခင် ရေးသွားတဲ့ပန်းချီကားလိုပဲ၊ ငှက်မည်းကြီးတွေက ပျံလို့ …" တဲ့။

မုန်တိုင်းစဲသွားမှ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ မြို့တော်ကြီးကို ပွေ့ဖက်လိုက်ရတဲ့ မြို့သားတွေဟာ တစုံတရကို သတိထားမိသွားကြတယ်။ အဲဒါကတော့ စက်တင်ဘာပြီးကတည်းက လမ်းတွေပေါ်မှာ ဟန်ရေး တပြပြနဲ့ လက်နက်တွေ ဆွဲကိုင်ပြီး လူထုကို ခြိမ်းခြောက်နေခဲ့ကြတဲ့ စစ်တပ်၊ ရဲနဲ့ ကြံ့ဖွံ့တွေ ပျောက်ကွယ်သွားခြင်းပဲ ဟေမန်။ မုန်တိုင်းတိုက်မယ့် ၂ ရက်နေ့ ည ရ နာရီအထိ အလုံလမ်းတလျောက် မောင်းသွားတဲ့ လုံထိန်းကားတွေကို ငါတို့ တွေ့ခဲ့သေးတယ်။ အဓိကရုဏ်း နှိမ်နှင်းရေး ၀တ်စုံတွေ၊ သေနတ်တွေ၊ တုတ်တွေ၊ ဒိုင်းတွေနဲ့အတူ လမ်းပေါ်က ပြည်သူတွေကို စိမ်းစိမ်းကြီးတွေ ကြည့်လို့။ အခုတော့ သူတို့ ပျောက်ကွယ်သွားခဲ့ကြပါပြီ။

ဆရာမြသန်းတင့်သာရှိရင် ရန်ကုန်မြို့ကို မီးလျှံထဲက ပြန်ထတဲ့ ဖီးနစ်ငှက်နဲ့ တင်စားလိမ့်မယ်။ တိုက်ပွဲ အမျိုးမျိုးကို ဖြတ်ကျော်ခဲ့ပြီးတဲ့ ရန်ကုန်သားတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး အပျက်အစီးပုံတွေကို မ တင် ရှင်းလင်းဖို့ အားထုတ်ကြတယ်။

၁၉၈၈ အရေးတော်ပုံနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ကို ပြည်သူတွေ ကိုယ့်ခြေ ကိုယ့်လက်နဲ့ ပြန်လည် ပြုစုကြရတော့တယ်။ အစိုးရဘက်ကတော့ ရေဒီယို၊ ရုပ်သံဝေးလို့ လော်စပီကာနဲ့တောင် လှည့်ပြီး အားပေးဂရုပြုမှု မရှိကြဘူး။ ဘာမှ အရေးယူဆောင်ရွက်မှုမရှိတဲ့အပြင် မုန်တိုင်းတိုက်ခဲ့တယ်ဆိုတာတောင် ကြေညာမှု မရှိခဲ့ဘူး။

တချိန်လုံး တိတ်နေခဲ့တဲ့ အစိုးရဟာ မုန်တိုင်းတိုက်ပြီး နောက်နေ့ ၃ ရက် ညနေ ၅ နာရီမှာ GSM တယ်လီဖုန်းတွေကို MPT (Myanmar Post & Telecomm) ဆိုတဲ့ မြန်မာဆက်သွယ်ရေးလိပ်စာနဲ့ သတင်း မက်ဆေ့ခ်ျ ပေးပို့ခဲ့တယ်။ "မုန်တိုင်း ဒုတိယအကြိမ် ထပ်ဝင်မယ်။ ပြင်းထန်မယ် …" တဲ့။

ကြောက်စရာအကောင်းဆုံး တိုက်ခိုက်မှုကြီးကို လတ်လတ်ဆတ်ဆတ် ရင်ဆိုင်ခဲ့ရတဲ့ လူတွေဟာ ဒီသတင်းကို ကြားတော့ သွေးပျက်သွားကြတယ်။ အပျက်အစီးတွေကို ရှင်းလင်းဖို့လုပ်နေကြတဲ့၊ လူတွေကို ကယ်ဆယ်ဖို့ လုပ်နေကြတဲ့သူတွေအားလုံး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားကြတယ်။ သနားစရာကောင်းတဲ့ ပြည်သူတွေဟာ ကိုးကွယ်ရာမဲ့ ဖြစ်သွားကြတယ်။

တကယ်တော့ MPT ဆိုတဲ့ မြန်မာဆက်သွယ်ရေးက ပေးပို့တဲ့ ဒီသတင်းဟာ အမှားပါ။ ဒီ ယူဆချက်အမှားကို နေပြည်တော်က ပုဂ္ဂိုလ်တချို့ကလည်း သံယောင်လိုက်ကြတယ်။ ၃ ရက်နေ့ ညနေ ၅ နာရီနဲ့ ၆ နာရီ အကြားမှာ "နာဂစ်" ထပ်လာမယ်တဲ့။ နာဂစ် ထပ်မလာခဲ့ပါဘူး။ အစိုးရအပေါ် ယုံကြည်မှု အစွမ်းကုန်မဲ့နေကြတဲ့ ပြည်သူတွေအကြားမှာ သူတို့အပေါ် အထင်သေးမှုနဲ့ မုန်းတီးမှုဟာ အပြင်းထန်ဆုံး အဆင့်ကို ရောက်ရှိလာခဲ့တော့တယ်။

ဘာမှ ကူညီ အားပေး ဆောင်ရွက်မှု မရှိတဲ့ အစိုးရဟာ GSM Message တခုပေးပို့ခြင်းနဲ့ လူထုကို သတင်းမှားပေးပြီး ခြောက်ခြားမှု ဖြစ်စေခဲ့တယ်။

ရေကျော်ထိပ်မှာ သစ်ပင်ပိနေတဲ့ ကားတစင်းရဲ့ ပိုင်ရှင် လူလတ်ပိုင်းတဦကတော့ အခုလို အော်ဟစ် ပေါက်ကွဲခဲ့တယ်။ " လူတွေကို သတ်ဖို့ လမ်းပေါ်ရောက်လာတဲ့ အကောင်တွေ၊ အခုကျတော့ တကောင် တမြီးမှ မတွေ့ရဘူး …" တဲ့။

ပျက်စီးနေတဲ့ အိမ်စုတ်ကလေးရှေ့မှာ ရပ်နေတဲ့ အသက် ၅၀ ကျော် အမျိုးသားတဦးကတော့ - " တာဝန်မဲ့တဲ့အကောင်တွေ၊ ဒီတခေါက်တော့ ထောက်ခံမဲ လာတောင်းရင်၊ x - ပဲ ရမယ် …" လို့ ရေရွတ်နေတယ်။

ကယ်ဆယ်ရေး အစီအမံ မပြောနဲ့၊ ယူနီဖောင်းတောင် မမြင်ရတဲ့ ရန်ကုန်မှာ လူတွေနဲ့ မကြုံစဖူး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရတယ်။ အဆိုးဝါးဆုံးကတော့ "ရေ" ပေါ့ ဟေမန်။ ရေသန့်ဗူးကြီး တဗူး ကျပ် ၁၀၀၀ ဖြစ်သွားတယ်။ ဒါတောင် ၀ယ်လို့ မရသေးဘူး။ တပေါက်ချင်း ကျနေတဲ့ ရေပိုက်ကို တန်းစီနေတဲ့ လူတွေဟာ မျက်စိတဆုးံပဲ။

လမ်းပေါ်မှာ လူတွေအားလုံးဟာ ရေပုံးအလွတ်လေးတွေကို ကိုင်ပြီး ရေရနိုင်မယ့် နေရာကို ရှာဖွေနေကြတယ်။ အစိုးရက လူထုကို ကယ်ဆယ်ဖို့ ကျောခိုင်းလိုက်ချိန်မှာ ဒီတာဝန်ကို ကြားဝင်ထမ်းရွက်ပေးသူတွေကတော့ သံဃာတော်တွေနဲ့ ဘုန်းကြီးကျောင်းတွေပဲ။ သူတို့မှာ လက်ကျန်ရှိတဲ့ ရေတွေကို ပြည်သူတွေကို ခွဲဝေပေးခဲ့ကြတယ်။ တချို့ဗလီတွေလည်း လူထုကို ရေ ထောက်ပံ့ကြတယ်။

လမ်းပန်းဆက်သွယ်ရေးနဲ့ စားနပ်ရိက္ခာပြသနာကလည်း သိပ်ကြီးမားတယ်။ ဆိုက်ကားခက ဟိုနား ဒီနား ကျပ် ၁၀၀၀။ ဘဲဥတလုံး ၃၀၀။ မုန့်ဟင်းခါး တပွဲ ၅၀၀။ လက်လုပ်လက်စား ပြည်သူတွေဟာ တနေ့စာ စားဖို့တောင် မရှိကြတော့ဘူး။ လုပ်ငန်းတွေ ရပ်ထားရတယ်။ လမ်းပန်းဆက်သွယ်ရေး ရပ်ထားရတယ်။ တနေ့လုပ်မှ တနေ့စားရမယ့် လက်လုပ်လက်စား ပြည်သူတွေအတွက် ဒုက္ခဟာ အရမ်းကြီးမားသွားတော့တယ်။ ဈေးတွေမှာ ဈေးသည်တွေဟာလည်း ခြောက်ချားနေကြတယ်။ ၀င်ငွေလေးရဖို့ကို ကြိုးစားဖွင့်ကြပေမယ့် လူတဦးစ နှစ်ဦးစ ကတော့ ပိုက်ဆံမပေးပဲ ပစ္စည်းတွေကို ကောက်ယူသွားတဲ့အခါမှာ ဈေးသည်တွေ ဈေးပိတ်လိုက်ကြတယ်။ ဒါနဲ့ ကန်စွန်းရွက် ၂ ပင်လောက် ပါတဲ့ အစည်းလေး တစည်းကို ကျပ် ၂၂၀ ပေးပြီး ၀ယ်ရတော့တယ်။

ငါမိတ်ဆွေ တယောက်ရဲ့ အဖြစ်ကို ငါ နင့်ကို ပြောပြချင်သေးတယ်။ သူ့ရဲ့ ဆိုင်ပေါ်မှာ သစ်ပင်ပိနေလို့ သူက ရှင်းလင်းဖို့လုပ်တဲ့အခါ စည်ပင်သာယာက လာပြောတယ်။ ရှင်းချင်တိုင်း ရှင်းလို့ မရဘူးတဲ့။ ဒီအပင်ဟာ ပျဉ်းကတိုး ဖြစ်နေလို့ သစ်တောက ခွင့်ပြုချက်စာကျမှ ရှင်းပါတဲ့။ ဟေမန်ရေ … ရှိသမျှသစ်တောအားလုံးကို ပြောင်အောင် ခုတ်ယူသွားတဲ့ တေဇတယောက် ဒီစကားကြားရင် ဘာပြောမလဲ ငါသိချင်တယ်။

ဟေမန် …

ငါပြောခဲ့သလိုပဲ။ ရန်ကုန်ကို နင်မှတ်မိမှာ မဟုတ်ဘူး။ သမိုင်းဝင် သစ်ပင်တွေ အားလုံးကို ဆုံးရှုံးလိုက်ရပြီး အမိုးတွေ အုတ်ကျွတ်တွေနဲ့ နံရံအချို့ကို ဆုံးရှုံးလိုက်ရတဲ့ အတွင်းဝန်ရုံး (၀န်ကြီးများ ရုံး) ကို နင်မှတ်မိမှာ မဟုတ်ဘူး။ စိမ်းမှိုင်းနေတဲ့ သစ်ပင်ကြီးတွေ မရှိတော့လို့ ရုပ်ပျက်သွားတဲ့ ဗိုလ်ချုပ်လမ်းကို နင်မှတ်မိမှာ မဟုတ်ဘူး။

အခုတော့ ခေတ်မီဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးမှာ ကျီးကန်းတောင် နားစရာ 'ကိုင်း' မရှိပါဘူး ဟေမန် ရယ်။

ဒီဒုက္ခက ကြီးပေမယ့် ရန်ကုန်က လူတွေ သိကြပါတယ်။ ဘိုကလေး၊ ငပုတော၊ လပ္ပတ္တာ၊ ဖျာပုံ၊ ဟိုင်းကြီးကျွန်းနေရာတွေဟာ ဒို့ထက် ပိုဆိုးတယ်လို့။ တကယ်တော့ အဲဒီနေရာတွေဟာ သင်းချိုင်းတွေ ဖြစ်သွားခဲ့ပါပြီ။

မနက်ဖြန်ဆိုရင် ငါ့ဇနီးနဲ့ သားကလေးကို သယ်သွားမယ့် ဘတ်စကားလေးဟာ မြန်မာနိုင်ငံအလယ်ပိုင်းတနေရာက မြို့လေးတမြို့ကို သွားလိမ့်မယ်။ ငါကတော့ ရန်ကုန်မှာ ဒစ်ဂျစ်တယ် ကင်မရာတလုံးနဲ့ ကျန်ခဲ့ဦးမယ်။ ဓာတ်ပုံတွေ ရိုက်ယူမယ်။ ငါ သိသမျှ ကမ္ဘာကို ဖော်ထုတ်မယ်။ နင့်ကို ပုံမှန်စာရေးမယ်။ ဒီစစ်ပွဲကို ငါ သတင်း ပေးပို့မှ ဖြစ်မယ်။ ငါပြောခဲ့တယ် မဟုတ်လား။

ရန်ကုန်ဟာ စစ်မျက်နှာ …။ ။

နင့်သူငယ်ချင်း

သူ
ရန်ကုန်
မေ ၅၊ ၂၀၀၈
ည ၁၂ နာရီ

http://moemaka.blogspot.com/

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်