Wednesday, April 30, 2008

အနာဂတ်ကို ပုံဖော်ခြင်း

အနာဂတ်ကို ပုံဖော်ခြင်း
ဒေါမနစ် ဖော်လ်ဒါ
ဧပြီ ၂၂၊ ၂၀၀၈
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အမြဲကပ်ဘေးသင့်နေရသည်။ သို့ဆိုလျှင် လာမည့်ဆန္ဒခံယူပွဲသည် တိုးတက် ဖွံ့ဖြိုးမှု ဖြစ်ပေါ်စေမည့် အခွင့်အလမ်းလော၊ ပြည်သူများအတွက် ဆုတ်ယုတ်နစ်နာစေမည်လော၊ မေးခွန်း ထုတ်ရန် ရှိနေသည်။


၁၉၄၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဗြိတိသျှဘုရင်ခံ ဆာဟူးဘတ်ရန့်စ် (Sir Hubert Rance) ရန်ကုန်မှ ထွက်ခွာစဉ်က ကိုလိုနီ စနစ်၏ ကောင်းကင်အနားသတ်မျဉ်းမှ ဤမြို့တော် ပျောက်ကွယ်သွားတော့မည့်အရေးကို မျှော်တွေး၍ မျက်ရည်ကျခဲ့ဖူး သည်။ သူ၏ မျက်ရည်ကျရခြင်းမှာ ကိုလိုနီနယ်မြေတခု ဆုံးရှုံးရခြင်းအတွက် မဟုတ်ပါ။ ဆက်လက်ဖြစ်ပေါ်လာတော့မည့် အကြောင်းအချက်အများကို မျှော်တွေးပူပန်မိသောကြောင့်သာ ဖြစ်ပါသည်။

မြန်မာ့လွတ်လပ်ရေးရပြီးကာလအတွက် အလားအလာအကောင်းဆုံး ထင်ရှားသည့် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ ကက်ဘိနက်အဖွဲ့ဝင်ဝန်ကြီးများက လွတ်လပ်ရေးမရမီ ၆ လစော၍ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါသည်။ ဗြိတိသျှတို့က မခိုင်မမာ ချိနဲ့နဲ့ အားနည်းချက်ဆက်ထုံးများပြည့်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတခု ချန်ရစ်ခဲ့ပြီး မငြိမ်မသက်ဖြစ်ကာ ထကြွလိုနေကြသည့် လူနည်းစု တိုင်းရင်းသားများအတွက် ၀ိဝါဒပွားစရာ အချက်များလည်း ဤဖွဲ့စည်းပုံတွင် ပါဝင်နေပါ သည်။ ဤတိုင်းရင်းသားများက တနေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံက ခွဲထွက်ခွင့် တောင်းလျှင်လည်း တောင်းလာဖွယ် ရှိနေပါသည်။

ဒုတိယကမ္ဘာစစ် ကာလမှစ၍ ဗြိတိသျှတပ်ဖွဲ့များက သူခိုးဓားပြများကို မြေလှန်ရှာဖွေနေခဲ့ပါသည်။ ဤသူခိုးဓားပြများက မည်သူ့အပေါ် သစ္စာခံကြသည်၊ နိုင်ငံရေးအရ မည်သို့မည်ပုံ မျှော်မှန်းထားချက်များ ရှိနေသည်ကလည်း သေချာသိနိုင်သော ကိစ္စမဟုတ်ပါ။ သို့သော်လည်း ပြဿနာကလာတော့မည်ဆိုသည်မှာ မည်သူမျှ သံသယမရှိဘဲ ကြိုတင်မျှော်လင့်ထားကြပြီး ဖြစ်ပါသည်။ ကရင်တိုင်းရင်းသားများက အချိန်တိုအတွင်းတွင်ပင် တော်လှန်ပုန်ကန်ခဲ့ကြပြီး ယနေ့ကာလတိုင် ကမ္ဘာ့ အရှည်ကြာဆုံး တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေကြဆဲ ဖြစ်ပါသည်။

ဗြိတိသျှ ဘုရင်ခံ မျက်ရည်ကျလျှက် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည့်အကြောင်းကို သူ၏ဇနီးဖြစ်သူ လေဒီ ရန့်စ် (Lady Rance) က စာရေးသူကို အင်္ဂလန်နိုင်ငံ ဆာရေးနယ်ရှိ သူမအနားယူနေသည့် အိမ်တွင် ပြန်ပြောပြခဲ့ခြင်း ဖြစ်ပါသည်။ လက်ဖက်ရည်ဖြင့် ဧည့်ခံရင်း သူမက ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို နှစ်လိုစွာ ပြောပါသည်။ သူသာ ရှိနေသေးလျှင် မည်သို့ ဖြစ်နိုင်သည်ကိုလည်း ပြောပါသည်။ သူမ ပြောကြားခဲ့သည့် စကားကို ၁၉၈၉ ခုနှစ် ဇန်န၀ါရီလတွင် စာရေးသူ တဖန်ပြန်၍ အမှတ်ရမိပါသေးသည်။ ထိုအချိန်က ဗိုလ်ချုပ်မှူးကြီးစောမောင်က ရန်ကုန်ရှိ လုံခြုံရေးအစီအမံ အပြည့်အ၀ ချထားသည့် ကာကွယ်ရေးဝန်ကြီးဌာန ရုံးခန်း၌ မျှော်လင့်မထားသည့် တွေ့ဆုံမေးမြန်းခန်း ပေးရန် ခွင့်ပြုခဲ့ချိန် ဖြစ်သည်။

ရက်သတ္တပတ် တချို့ကြာ ညှိနှိုင်းဆွေးနွေးပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) စစ်အစိုးရ၏ ပထမဦးဆုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်စောမောင်က တွေ့ဆုံဖြေကြားရန် သဘောတူညီခဲ့ပါသည်။ စာရေးသူနှင့် ဟောင်ကောင် အခြေစိုက် အပတ်စဉ်ထုတ်သတင်းစာ အေးရှားဝိခ် မှ တခြား သတင်းထောက်တဦးတို့ တွေ့ဆုံခွင့်ရခဲ့သည်။ လူပေါင်း ၃၀၀၀ ကျော် အသက်သေဆုံးခဲ့ရသည့် ၁၉၈၈ ခုနှစ် သြဂုတ်-စက်တင်ဘာ လူထုအုံကြွမှုကြီးအပေါ် သူ့ဘက်မှ အမြင်ကို ကြားကြရ လိမ့်မည်ဟု မျှော်လင့်ထားခဲ့ပါသည်။ သို့သော်လည်း သူက ဗြိတိသျှတို့ ချန်ရစ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ် ခါးသီး စွာအပြစ်ဖို့ ဟောပြောနေသည်ကိုသာ မိမိတို့ စိတ်ပျက်ဖွယ် ကြားခဲ့ရပါသည်။ ဗြိတိသျှတို့ ချန်ထားရစ်သည့် ဤဖွဲ့စည်းပုံ ကြောင့် ဆယ်စုနှစ်တခုအတွင်း တိုင်းရင်းသား အနည်းဆုံး ၃ ခု ခွဲထွက်သွားဖွယ် အကြောင်း ဖြစ်လာခဲ့သည်ဟု သူက ဆိုသည်။ ဤပြဿနာသည် မြန်မာနိုင်ငံသမိုင်းနှင့် ညီညွတ်ရေးကို နှစ်ပေါင်းကြာရှည် ထိခိုက်စေရန်အကြောင်းဖြစ်ခဲ့ သည်ဟုလည်း ဆိုပါသည်။

ဗိုလ်ချုပ်စောမောင်၏ အပြောက မှန်ကောင်းမှန်ပါလိမ့်မည်။ သို့သော်လည်း မိမိတို့လာသည်က ဤကိစ္စကို မေးမြန်းဆွေး နွေးရန် မဟုတ်ပါ။ ထိုအချိန်က သူ၏ ဒု ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်သန်းရွှေက ဘေးရှိ ကုလားထိုင်ပေါ်မှ မည်သို့မှ မခံစားရ သလို ငြိမ်၍ထိုင်နားထောင်နေခဲ့ပါသည်။ စကားတလုံးမျှ ၀င်ရောက်ပြောဆိုခြင်း မရှိခဲ့ပါ။ အကြောင်းအရာပေါင်းစုံ ဆွေးနွေး မည့် ၃ နာရီကြာ အင်တာဗျူးကို မိနစ် ၂၀ ခန့် ဤခေါင်းစဉ်ဖြင့် အချိန်ကုန်ခဲ့ရပြီးသည့်နောက်တွင် စာရေးသူက ဤဖွဲ့စည်းပုံ ၏ အားနည်းချက်များမှ များမကြာသေးမီကာလ တိုးတက်မှုများကို ပြောရန် ခေါင်းစဉ်ပြောင်းပေးခဲ့ရာ ဗိုလ်ချုပ် စောမောင် အဖို့ အတော်စိတ်သက်သာသွားဟန် ပြပါသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ယခင်ဗြိတိသျှတို့၏ ဖွဲ့စည်းပုံ အားနည်းချက်များကို ပြင်ဆင်ရန်အတွက် အခွင့် အလမ်းရှိခဲ့သည်ကို သူက ထည့်မပြောခဲ့ပါ။ သူတို့ကိုယ်တိုင် ရေးဆွဲခွင့်ရခဲ့သည့် ဥပဒေ ဖြစ်ပါသည်။ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်လည်း ကျရှုံးခဲ့ရပြန်သည်။ ဗိုလ်ချုပ်စောမောင်က ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုဖျက်သိမ်းခဲ့ပြီး သူ၏ (န၀တ) စစ်အစိုးရအဖွဲ့၊ ၀န်ကြီးများအဖွဲ့ဖြင့် အစားထိုးခဲ့ပါသည်။ ဤစစ်အစိုးရသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ် ဒုတိယအကြိမ် အမည်ပြောင်း အသက်သွင်း၍ လျော့လျဲလျဲ ၀န်ကြီးဖွဲ့စည်းပုံများဖြင့် ယခု တိုင် ဆက်လက်လိမ်ညာ အုပ်ချုပ်နေကြဆဲ ဖြစ်ပါသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် မြန်မာနိုင်ငံတွင် စစ်အစိုးရအုပ်ချုပ်ရေးစနစ်မှ စစ်တပ်အရာရှိများ ကြီးစိုးသော တပါတီ အုပ်ချုပ်ရေးစနစ်ကို အသွင်ပြောင်းခဲ့ပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဥပဒေကို ၁၉၇၃ ခုနှစ်တွင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ခဲ့ရာတွင်လည်း လျှို့ဝှက်မဲဆန္ဒ ပေးခွင့် မရခဲ့ကြဘဲ အရပ်သား အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းခဲ့ပြီဟု ဆိုခဲ့ကြပါသည်။

၁၉၆၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံကို အာဏာရှင်ကြီး ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီနှင့် ၎င်း၏ သြဇာခံဖြစ်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) တို့က အုပ်ချုပ်ခဲ့ပြီး "နိုင်ငံတော် ခေတ်ပြောင်းစနစ် တည် ဆောက်ရေးအတွက် အသွင်ကူးပြောင်းရေးကာလ" ကို ဖြတ်သန်းခဲ့ကြရပါသည်။

မဆလ ပါတီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၆၂ ခု ဇူလိုင်လတွင် အတည်ပြုခဲ့ပြီး ပါတီ၏ သဘောတရားရေးရာ လမ်းညွှန် ဖြစ်သည့် "လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည" စာအုပ်နှင့် အတူ ပူးတွဲဖြန့်ချိခဲ့ပါသည်။

ဤသို့ ထူးခြားသည့်၊ ရှုပ်ရှုပ်ထွေးထွေးနိုင်လှသည့်၊ ထိုးဖောက်သိမြင်ရန် မလွယ်လှသည့် စာချုပ်စာတမ်းများကြောင့် မြန်မာ နိုင်ငံ၏ စီးပွားရေးလည်း မရှုမလှ ပျက်စီးခဲ့ရပါသည်။ စစ်တပ်က လွှမ်းမိုးအုပ်ချုပ်ထားမှုနှင့် စီးပွားရေးအရ စီမံခန့်ခွဲမှု ညံ့ဖျင်း ခြင်းကြောင့် မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှ စ၍ သိသိသာသာ ပြောင်းလဲသွားမှုဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ မြန်မာ နိုင်ငံသည် မဆလ ပါတီ အုပ်စိုးမှုအောက်တွင် တရွတ်ဆွဲလိုက်ပါရင်း ၁၉၈၈ ခုနှစ် နှစ်လည်ပိုင်းသို့ တိုင်လာခဲ့ရပါသည်။ ဤအချိန်တွင် စီးပွားရေးအခြေအနေမှာ မြေပေါ်ပြိုလဲ ကျဆင်းနေပြီ ဖြစ်သည်။

ဦးနေ၀င်းက မဆလ ပါတီ ဥက္ကဋ္ဌအဖြစ်မှ နောက်ဆုံးနုတ်ထွက်ခဲ့ပြီး ဆန့်ကျင်ဘက်ကျသည့် ကိစ္စတခုကို ပြောဆိုတိုက် တွန်းခဲ့ပါသေးသည်။ သူက ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရန် တောင်းဆိုခဲ့ပြီး ဆန္ဒပြသူများကို စစ်တပ်က ပစ်သတ်ရ လိမ့်မည်ဟုလည်း ဆိုခဲ့ပါသေးသည်။ သူပြောသည့်အတိုင်း စစ်တပ်ကလည်း တာဝန်ကျေကျပြွန်ပြွန် လုပ်နေဆဲ ဖြစ်ပါ သည်။ မကြာသေးမီကာလ လွန်ခဲ့သည့်နှစ် စက်တင်ဘာလတိုင် စစ်တပ်က ပစ်သတ်နေဆဲ ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် မေလတွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲတခုကို ကျင်းပခဲ့သော်လည်း စစ်တပ်က လုံးဝလျစ်လျူရှုထား ခဲ့ပါသည်။ ဤရွေးကောက်ပွဲက အစဉ်ထာဝရ လှုပ်နှိုးခြိမ်းခြောက်နေလိမ့်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးဘ၀တွင် စစ်တပ်က လွှမ်းမိုးချုပ်ကိုင်ထားမှုကိုလည်း အမှတ်ရနေစေလိမ့်မည် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရခဲ့သော်လည်း ရလဒ်ကို ခြုံပုတ်ထဲ လွှင့်ပစ်ထားခဲ့ပါသည်။ ၎င်းတို့က ငြိမ်းချမ်းစွာနိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ အကောင်အထည်ဖော်ရေးနှင့် အင်အားစုများ အားလုံး ပါဝင်နိုင်မည့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင် ရေး တောင်းဆိုချက်များကိုလည်း လျစ်လျူရှုထားခဲ့ပါသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပခဲ့ခြင်း၏ မူလရည်ရွယ်ချက်သည် လွှတ်တော်အသစ်တရပ် ခေါ်ယူရန်၊ အစိုးရဖွဲ့စည်း ရန်လော၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တရပ် ရေးဆွဲရန်အတွက် ဥပဒေပြုလွှတ်တော်လောဟု အငြင်းပွားနေကြဆဲ ရှိပါ သည်။ သို့သော်လည်း ယခုကိစ္စများဖြစ်ပေါ်လာသောအခါ မည်သည့်အတွက်မှ မဟုတ်ကြောင်း ထင်ရှားလာပါသည်။ ပညာတတ်များ ငြင်းခုန်ရန် ကိစ္စသက်သက်မျှသာ ဖြစ်ခဲ့ရပါသည်။

လာမည့် မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပတော့မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်အစိုးရ စိတ်ကြိုက် "လက် ရွေးစင် ရွေးထားသူများ" ဖြင့်သာ စုရုံး ရေးဆွဲခဲ့ခြင်းဖြစ်ပြီး စံတင်လောက်ဖွယ် ၁၅ နှစ်ကျော် အချိန်ယူ ရေးဆွဲခဲ့သော ဥပဒေလည်း ဖြစ်ပေသည်။ သို့ဖြစ်သည့်တိုင် ဤဥပဒေကို ထပ်မံ၍ ပြင်ဆင်ရေးဆွဲရန် လိုအပ်သည်ဆိုကာပြင်ဆင်ခဲ့ပြီး မတ်လတွင်မှ လူအများလက်ထဲ ရောက်လာပါတော့သည်။

ဤဥပဒေတွင် ဖော်ပြထားသည်မှာ နိုင်ငံတော်ခေါင်းဆောင် အကြီးအကဲတွင် စစ်ရေးအတွေ့အကြုံ နောက်ခံရှိရန် လိုအပ် သည်ဟု ဆိုပြီး လွှတ်တော်နေရာများစွာနှင့် အဓိကကျသည့် ၀န်ကြီးဌာန နေရာများကိုလည်း စစ်တပ်က ထိန်းချုပ်ထားပါ သေးသည်။ ထိုမျှမက စစ်တပ်က အစိုးရကို ယာယီရပ်ဆိုင်း၍ အာဏာကို ထိန်းသိမ်းပိုင်ခွင့် ပြဌာန်းချက်များလည်း ပါဝင် နေပါသေးသည်။

စစ်အစိုးရ၏ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ဤဖွဲ့စည်းပုံရေးဆွဲရေး လုပ်ငန်းစဉ်အပေါ် ဝေဖန်ပြောဆိုနေကြ သူများကို တန်ပြန်၍ပင် တိုက်ခိုက်ပြောဆိုခဲ့ပါသေးသည်။ သူက ထိုင်းနိုင်ငံတွင် ၁၉၃၂ ခုနှစ်မှ စတင်လျှင် ၁၈ ကြိမ်မြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် မကြာသေးမီက အတည်ပြုနိုင်ခဲ့သောဖွဲ့စည်းပုံမူကြမ်းရေးဆွဲရာတွင်လည်း အတိုက်အခံများ ပါဝင်ဆောင်ရွက်ခွင့် မရှိဘဲ ရေးခဲ့ခြင်းဖြစ်သည်ဟု ညွှန်းဆို ထောက်ပြခဲ့သေးသည်။

သို့သော်လည်း အရေးပါသည့် မတူကွဲပြားချက်များ ရှိနေပါသည်။ ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်သည် လူအများ လွတ်လပ်စွာရေးဆွဲပြဌာန်းခဲ့ကြသည့် ၁၉၉၇ ခုနှစ် ဖွဲ့စည်းပုံကို ပြန်လည်မွမ်းမံခြင်းမျှသာ ဖြစ်ပါသည်။ ထိုင်း လူထုက လျှို့ဝှက်မဲဖြင့် ရွေးချယ်ရန်၊ ငြင်းပယ်ရန် အခွင့် ရှိပါသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ၅၅ ရာခိုင်နှုန်းက လာရောက် မဲပေး ခဲ့ကြပြီး ၆၀-၄၀ ရာခိုင်နှုန်း အသာဖြင့်အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ လက်ခံဖွယ်ရှိသော်လည်း ဤဖွဲ့စည်းပုံကို ယခင် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ အမာခံဒေသဖြစ်သည့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသနေ ပြည်သူ (သုံးပုံ နှစ်ပုံ) က ကန့်ကွက်ခဲ့ကြပါသည်။ သေချာသည်မှာ တရားဝင်မှု ရှိပါသည်။ မဲပေးမှုကို စနစ်တကျစောင့်ကြည့်ခဲ့ကြ ပြီး ထိုင်း လူမျိုးများက သူတို့နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အချိန်ကာလ ပြောင်းလာသည်နှင့်အမျှ ပြုပြင်ပြောင်းလဲ နိုင်မည်ကို လည်း သိနေကြပါသည်။

မြန်မာပြည်သူများ အလားတူ အခွင့်အရေးမျိုး ရမည် မရမည်ဆိုသည်မှာ သံသယရှိဖွယ် ဖြစ်ပါသည်။ လူအများက ကြိုတင် ဟောကိန်းထုတ်ထားကြသလို စစ်တပ်ကအာဏာသုံးအတင်းအကျပ်ပြုမှုများ ပါဝင်လာနိုင်ပါသည်။ ထိုင်းလူမျိုးများက စီစဉ် ထားသည့်အတိုင်း ရွေးကောက်ပွဲကို ၄ လ တာ အချိန်တွင် ကျင်းပနိုင်ခဲ့ကြပါသည်။ မြန်မာလူထုကမူ မည်သို့ ဟူသည့် အကြောင်းပြချက်များ ရှင်းပြခြင်းမရှိဘဲ ရွေးကောက်ပွဲ ဖြစ်စေရန် နောက်ထပ် လ ၃၀ စောင့်ဆိုင်းနေကြရဦးမည် ဖြစ်သည်။

မည်သို့ဖြစ်စေ မေလတွင် ကျင်းပမည့် ဆန္ဒခံယူပွဲတွင် ဤဖွဲ့စည်းပုံသစ်ကို အတည်ပြုဖြစ်သွားလိမ့်မည်ဟု လေ့လာသူတချို့ က သံသယရှိနေကြပါသည်။ ဝေဖန်သူများနှင့် လက်တွေ့ကျကျချဉ်းကပ်သူများက ဤဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် မည်မျှ ပင် အားနည်းချက်များရှိစေ ၁၀ ရာခိုင်နှုန်းသော ဒီမိုကရေစီရခြင်းပင်လျှင် လုံးဝမရှိသည်ထက်စာလျှင် တော်သေးဟု ဆိုနေ ကြပါ သည်။ ထိုသူများလည်း မှန်ကောင်း မှန်နိုင်ပါသည်။

သို့သော်လည်း ကုလသမဂ္ဂအဖို့ဤလုပ်ငန်းစဉ်ကိုလက်ခံရန် အခက်အခဲကြုံရပေလိမ့်မည်။ အကြောင်းမှာ ဤသို့အတည်ပြု လိုက်သည်နှင့် တပြိုင်နက် ကုလသမဂ္ဂ၏ ၁၉၄၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ကို ချိုးဖောက်မိလျက်သား ဖြစ်နေသောကြောင့် ဖြစ်သည်။ နိုင်ငံတကာ စာချုပ်တခု မဟုတ်သော်လည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ကျင့်ဝတ်ပိုင်းဆိုင်ရာအရ အခွင့်အာဏာရှိနေပါသည်။ ၎င်းက " နိုင်ငံအသီးသီးရှိ လူတိုင်း ရရှိခံစားရမည့် စံတန်ဖိုးများကို တပြေးညီ သတ်မှတ်နိုင်ရေး" ဟု ဖော်ပြထားပါသည်။

သို့ဆိုလျှင် မြန်မာပြည်သူများကို မည်သည့်အတွက်ကြောင့် ကြွင်းကျန် ချန်ထားရပါမည်နည်း။

မြန်မာစစ်အစိုးရသည် ပုံမှန်ဆိုသလို လူ့အခွင့်အရေးကြေညာစာတမ်း၏ ပုဒ်မများဖြစ်သည့် ပုဒ်မ ၈၊ ၉၊ ၁၀၊ ၁၂၊ ၁၃၊ ၁၉၊ ၂၀၊ ၂၁၊ ၂၃ နှင့် ၂၆ တို့ကို (အနည်းဆုံး) ဖောက်ဖျက်ကျူးလွန်နေပါသည်။

ဤဖွဲ့စည်းပုံ မူကြမ်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လည်း နိုင်ငံရေးနယ်ပယ်မှ ပထုတ်ထားရန် ရေးဆွဲထားပါသေးသည်။ အကြောင်းမှာ တချိန်က သူက နိုင်ငံခြားသားနှင့် လက်ထပ်ဖူးသောကြောင့် ဖြစ်သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်က ခင်ပွန်းလည်း ဆုံးခဲ့ရပြီဖြစ်ပြီး ဘ၀သက်တမ်း တလျှောက်လုံး မြန်မာနိုင်ငံသားအဖြစ်သာ ခံယူထားခဲ့သူလည်း ဖြစ်သည်။ သို့ဆိုလျှင် ဤသို့ပထုတ်ထားရန် ဆောင်ရွက် ခြင်းသည် လူ့အခွင့်အရေးကြေညာစာတမ်း၏ ပုဒ်မ ၂၁(၁) နှင့် ငြိစွန်းနေပြီ ဖြစ်သည်။ ဤပုဒ်မက "လူတိုင်းသည် နိုင်ငံ၏ အစိုးရအဖွဲ့အတွင်း၌ တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်" ဟု ဖော်ပြထားပါသည်။

၁၉၉၀ ခုနှစ်များ အကုန်ပိုင်း အင်္ဂလန်တွင် ခင်ပွန်းဖြစ်သူ သေလုမျောပါး အသည်းအသန်ဖြစ်နေချိန်ကပင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံကို စွန့်ခွာ၍ မသွားခဲ့ပါ။ အကယ်၍ သွားခဲ့ပါကလည်း ပြန်လာခွင့်ပြုမည် မဟုတ်သည်မှာ သေချာ သောကြောင့် ဒေါ်စုက ဤသို့ရွေးချယ်ခဲ့ရခြင်း ဖြစ်ပါသည်။ ဤအချက်ကပင် ပုဒ်မ ၁၃ (၂) နှင့် ငြိစွန်းနေပေပြီ။ ဤ ပုဒ်မ တွင် " လူတိုင်းသည် သူ၏ကိုယ်ပိုင်နိုင်ငံ အပါအ၀င် မည်သည့်နိုင်ငံကို မဆို စွန့်သွားရန် အခွင့်အရေး ရှိသည်။ ပြန် လာရန် အခွင့်အရေးရှိသည်" ဟု ဖော်ပြထားပါသည်။

တကယ်တော့ မြန်မာနိုင်ငံအတွက် ငိုယိုသင့်သည်မှာ ကာလကြာရှည်ကပင် ဆုံးပါးကွယ်လွန်သွားခဲ့ရသော ဗြိတိသျှ ဘုရင်ခံ တဦး တည်းမျှသာ မဟုတ်တော့ပါချေ။

၂၀၀၈ ခုနှစ် ဧပြီလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Dominic Faulder ရေးသားသည့် Framing the Future ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

A

B

C

The Kitchen မီးဖိုချောင်