Friday, March 14, 2008

နိုးလော့ ထလော့ ကျောင်းသားတပ်မတော်


လွတ်မြောက်ရေး မုန်တိုင်းများ၏ နိဒါန်း
သားချစ် (ဟစ်တိုင်)

မကြာမှီရောင်နီ လာတော့မည်၊ ကျောင်းသားရဲဘော်များ၏ နှင်းမြူများကြားမှ ထွင်းဖေါက်ထွက်လာသော နံက်စောစော လေ့ကျင့်ရေးကွင်းဆီမှ ညီညာစွာ အော်ဟစ်လိုက်သော "ဘာစိတ်ဓါတ်လဲ….ခွပ်ဒေါင်းစိတ်ဓါတ်" အသံများက တောင်နံရံတ၀ိုက်၌ ဟိန်း၍ ပဲ့တင်ထပ်နေသည်၊ ကျနော်ရဲ့ ဘေးတွင်လည်း ခွပ်ဒေါင်းစစ်သည် နှစ်ဦး၏ အသံများသည်လည်း အေးစက်စက် ဆောင်းလေတိုး၍ စကားပြောသံများ တိုးသွားလိုက် ကျယ်သွားလိုက် မီးပုံကိုအာရုံပြုကာ ရှင်းပြဆွေးနွေးလျှက်၊ ကျနော်သည်လည်း မနောတောင်တန်းများ၏ အအေးဒါဏ်ကို ကြံ့ကြံ့ခံလျှက် သူတို့ပြောသမျှကို ကြုံးငုံ့၍ ရေးလျှက်မှတ်လျှက်၊ လက်များကတော့ ခဲသွားမလား လို့ပင်ထင်ရအောင် အေးစက်နေသည်၊ သို့သော် သူတို့ပြောတဲ့ အရှိန်ကြောင့် ခန္ဓာကိုယ်မှ သွေးများက အရှိန်ပြင်းစွာ လည်ပါတ်နေသည်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့သိမ်းတိုက်ပွဲသည် ထိုနေ့က လိုင်စင်ဒေသနံနက်ခင်း ရေခဲများကို အရည်ပျော်စေခဲ့သည်။

တိုက်ပွဲ အတွက် ကနဦးပိုင်း အခြေအနေ

မိုးညှင်းတိုက်ပွဲသည် ကျောင်းသားပြည်သူအားနှင့် လက်နက်ကိုင် တော်လှန်ရေးကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သဖြင့် လူထုတရပ်လုံး ထောက်ခံမှုရခဲ့သော မြို့သိမ်းတိုက်ပွဲကြီး၊ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးကို န.၀.တစစ်အုပ်စုက ရက်ရက်စက်စက် ဖြိုခွဲပြီးနောက် မိုးညှင်းမြို့ခံလူထုများ၏ အနာဂါတ်ရင်သွေးငယ်များ၊ အရေးတော်ပုံနှင့် ပါတ်သက်နေသောသူများအား ဖမ်းဆီးချုပ်နှောင် ထောင်သွင်း အကျဉ်းကျခံမူများမှ လွတ်မြောက်စေခဲ့သော တိုက်ပွဲကြီးဖြစ်သဖြင့် မြန်မာ့သမိုင်းတွင် ကျောင်းသားတပ်မတော်၏ အရေးပါအရာရောက်သော တိုက်ပွဲတပွဲ၊ ခွပ်ဒေါင်းတို့၏ လွတ်မြောက်ရေး တပ်လှန့်သံဟုပြောလျှင် ရပေမည်၊ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုကျောင်းသားပေါင်းစပ်မှု အရှိန်ကြီးကြောင့် ထိုကျောင်းသား လူငယ်များ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြရသည်။

ထိုတိုက်ပွဲထဲတွင် လူထုအားနှင့် ကျောင်းသားအား။ လက်နက်ကိုင်အင်အားကို အထူးပေါင်းစပ် ပေးနိုင်ခဲ့သူများမှာ ကျောင်းသားတပ်မတော်မှ ဗိုလ်ပီတာ၊ ဗိုလ်ဦးဝင်း၊ ဗိုလ်ဇော်ဦး၊ ဗိုလ်ထွန်းလွင်တို့ ဖြစ်ကြသည်၊ ဗိုလ်ဇော်ဦးသည် ရှမ်းပြည်တောင်ပိုင်းတောတွင်းတနေရာ၌ တိုက်ပွဲတွင် ကျဆုံးသွားခဲ့သူတဦးဖြစ်ပြီး ဗိုလ်ပီတာသည် ၁၉၉၄-မေလခန့်က ဖားကန့်ဒေသ၌ ရန်သူလက်ချက်နှင့် အသက်စွန့်သွားသူဖြစ်သည်၊ ဗိုလ်ဦးဝင်းသည် ကေအိုင်အိုအခြေစိုက် လိုင်ဆာဒေသ နောင်လာပါစခန်းတွင် ငှက်ဖျားရောဂါဖြင့် ၁၉၉၆တွင် ကွယ်လွန်ခဲ့၍ သူ၏ရုပ်ကလပ်သည် ထိုစခန်း၌ ငြိမ်းချမ်းစွာလဲလျောင်းလျှက်၊ ဗိုလ်စိန်အေး(အတွင်းရေးမှူး ကျောင်းသားတပ်မတော်)မြောက်ပိုင်းသည် ၁၉၉၈တွင်နယ်စပ်တနေရာ၌ အဖမ်းဆီးခံခဲ့ရပြီး ယခုအခါ သရက်အကျဉ်းထောင်တွင် ၁၇-နှစ်နှစ်ချုပ်နှောင်ထားခြင်းကို ခံနေရသူတဦးဖြစ် သည်။ ၁၉၈၈မှ ယခုတိုင် ဒီမိုကရေစီလွတ်မြောက်မှု တိုက်ပွဲများအတွက် မြောက်ပိုင်း ကျောင်းသားရဲဘော်များက အယောက်တရာကျော် တိုင်းပြည်အတွက် အသက်ပေးလှူ သွားခဲ့ကြသည်။

ယခင်ကာလများ၌ မိုးညှင်း၊ နမ္မား၊ မော်လူး၊ မော်ဟန် ထိုရှမ်းနီအများစုနေသော ဒေသများသို့ ကေအိုင်အိုသည် အနီးသို့ပင် ခြေချခွင့်မရနိုင်ခဲ့၊ အဘယ့်ကြောင့်ဆိုသော် အတိတ်သမိုင်းများတွင် ရှမ်းနီနှင့် ကေအိုင်အိုတို့ကြီးစွာ ပတိပက္ခဖြစ်ခဲ့ကြ၍ လူမျိုးစုခြင်း သွေးချောင်းစီးခဲ့ကြရဖူးသည်။ သို့သော်မိုးညှင်းတိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ထိုဒေသမှလူထုတရပ်လုံး၏ လေးစားချစ်ခင် ယုံကြည်မှုကို ကေအိုင်အိုမှ ရရှိလိုက်သည်။ ယနေ့လူထုတရပ်လုံး၏ လိုလားချက်များကို ဖြည့်ဆည်းပေးရန် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများက သင်ခန်းစာယူ၍ ရှေ့သို့တဟုန်ထိုးတက်ရန် လိုအပ်လာသည့်အချိန် ကျရောက်နေပြီ။ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထု၊ ကျောင်းသား ပူးပေါင်းဆောင်ရွက်မှု အရှိန်သည် ကြီးစွ။ ယနေ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတချို့၏လက်နက်များသည် န.အ.ဖ၏ မက်လုံးပေးမှုများ အောက်တွင် အရည်ပျော်နေလျှက်ရှိသည်။ သူတို့သည် သူတို့၏ တကိုယ်ရေအကျိုးစီးပွားကြောင့် လူထုနှင့်တော်လှန်ရေးကို ကျောခိုင်းနေကြသည်။ ထို့ကြောင့် စစ်ဖိနပ်အောက်၌် ဖိနှိပ်မှုများစွာ ဆက်၍ဆက်၍ ဖြစ်ပေါ်လျှက်ရှိနေသည်။ လူထုအကျိုးကိုလိုလားသော လူမျိုးစုလက်နက်ကိုင် အင်အားစုများမှ ရဲဘော်များ၏ လက်များသည်လည်း သေနတ်မောင်းခလုပ်ထဲ၌ လက်ညှိုးထည့်လျှက်။ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲ စနစ်တကျပေါင်းစပ်နိုင်မည့်အချိန် ကျရောက်လာလျှင်ဖြင့် ရန်သူသည်မကြာမှီ ကသောကမျှော ပြေးကြရတော့မည်ကို ဤမိုးညှင်းတိုက်ပွဲက သက်သေပြုလျှက်ရှိနေသည်။

တိုက်ပွဲ အတွက် ကျနော်အသိချင်ဆုံးအရာသည်ကား ထိုသုံးခု ………
မိုးညှင်းမြို့၏ ပထ၀ီဝင် အနေထား၊
ကေအိုင်အို၏ စစ်ဆင်ရေးဗျူဟာ ရေးဆွဲမှု၊
ကျောင်းသားပြည်သူများ၏ အားထုတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှန်းချေပေါ့လေ …. ။

မိုးညှင်းမြို့၏ ပထ၀ီဝင် အနေအထား

မိုးညှင်းမြို့၏ အရှေ့ဘက်တွင် ကြီးမားသောတောင်ကြီးက မားမားမတ်မတ် ထိုးထိုးထောင်ထောင်၊ စိမ်းစိမ်းညှို့ညှို့ မှုံမှိုင်းလျှက်၊ လယ်ကွက်တချို့က တောင်ခြေနှင့်ထိစပ် ယှက်နွယ်လျှက်၊ လူနေရပ်ကွက်တချို့က တောင်ခြေကို ဦးခိုက်လျှက်၊ ထိုတောင်ခြေနှင့်ကပ်လျှက် ရပ်ကွက်များ ဖြစ်သော အောင်သပြေ၊ အရှေ့စု၊ မိုးတားစု တို့တည်ရှိကြသည်၊ ထိုမှတဆင့် ဆင်းလာလျှင် ကားလမ်းမကြီးက တောင်မြောက်သွယ်တန်းလျှက်၊ မြောက်ဘက်သို့ယွန်းသော မြစ်ကြီးနား၊ တောင်ဘက်တွင် မန္တလေး၊ ထိုမှအနောက်ဘက်သို့ ဦးတည်လျှင် သာယာလှပသော နမ့်ရင်းချောင်းကြီးက မိုးညှင်းမြို့ကြီးကို ရစ်ခွေပတ်ကာ စီးဆင်းလျှက်။

ထိုနမ့်ရင်းချောင်းပေါ်၌ ကြိုးတံတား၊ အုတ်ကျင်းတံတား၊ သံတံတား၊ နောင်စွန်းတံတား တို့ ဖြတ်သန်းလျှက်ရှိသည်၊ ထိုမှအနောက်လွန်လျှင်မန္တလေး၊ မြစ်ကြီးနားသံလမ်းကြီးက ဖြောင့်တန်းစွာ မြို့အလယ်၌ လဲလျောင်းလျှက်၊ ထိုမိုးညှင်းဘူတာဘေးတွင် ရှေတန်းတပ်ရင်းရုံးက ကပ်လျှက်တည်ရှိပြီး မိုးညှင်းတောင်ဘက်တွင် တပ်ရင်း(၁၅)က မဲပုတ်ပုတ် ၀ပ်တွားတည်ရှိလျှက် ရှိနေသည်။

ကချင်ပြည်နယ်၌ လွင်ပြင်ကြီးသုံးခုရှိသည်။ ကောက်ကွေ့လွင်ပြင်၊ နမ့်ရင်းလွင်ပြင်၊ ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင် တို့ဖြစ်ကြသည်။ ထိုထဲမှ နမ့်ရင်းလွင်ပြင်သည် ကချင်ပြည်နယ်တခုလုံးသာမက အထက်မြန်မာတပြည်လုံးကိုပင် ကျွေးမွေးသုတ်သင်နေသလို ရှိလျက်နေသည်။ နမ့်ရင်းလွင်ပြင်ပေါ်၌ မိုးညှင်းမြို့က ထီးထီးမားမား တည်ရှိနေသည်။ မိုးညှင်းဒေသရှိ လူထုတရပ်လုံးသည် လယ်ယာဖြင့် အသက်မွေး ၀မ်းကြောင်းပြုကြသည်။ သူတို့သည် ရိုးသားသော တောင်သူလယ်သမား ရှမ်းလူထုများဖြစ်ကြပြီး ဖိနှိပ်ခံစနစ်ဆိုးကြောင့် စစ်အုပ်စုကို တူးတူးခါးခါး ရွံရှာမုန်းတီးကြသည်။ မိုးညှင်းမြိုနယ်ထဲ၌ မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော အင်းတော်ကြီး အိုင်သည် လှပစွာငြိမ်ဝပ်စွာတည်ရှိနေပြီး ထိုအိုင်မှာ မြန်မာနိုင်ငံတွင် အကြီးဆုံး ရေအိုင်ကြီးဖြစ်ကာ ရေအိုင်အလယ်၌ အင်းတော်ကြီးရွှေမဉ္ဇူ ဘုရားကလည်း သပ္ပါယ်စွာ တည်ရှိနေသည်။ ဗုဒ္ဓဘာသာဝင် တောင်သူများတည်ရှိသောမြို့ ဖြစ်သဖြင့် အေးချမ်းသော လုပ်ငန်းများဖြင့် ငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင်စားသောက်သော လူထုများဖြစ်ကြသည်။ လယ်ယာလုပ်ငန်းမှ ရရှိလာသော သူတို့၏ အရင်းအမြစ် ချွေးနဲစာများသည် လှူရေးတန်းရေးသာ ဖြစ်ကြသည်။ လယ်ယာလုပ်ငန်းပြီးစီးလျှင် ကျောင်းကန်ဘုရား သွားကြမည်။ လူငယ်များက ဖါးကန့် ကျောက်စိမ်းမှော်ထဲသို့ သွားကြသည်။

ထိုဒေသရှိ တောင်သူလယ်သမားများအပေါ် စစ်အုပ်စု၏ ဗိုလ်ကျဖိနှိပ်ဂုတ်သွေးစုပ်မှုများက ရှစ်လုံးလေး အရေးတော်ပုံကြီးတွင် တက်ကြွစွာပါဝင်လာစေရန် မီးပွားကြီးတခုဖြစ်စေခဲ့သည်။ ဤသို့ဖြင့် ထိုသမိုင်းဝင် အရေးတော်ပုံကြီးတွင် မိုးညှင်းလူထုတရပ်လုံးမှ လေထဲမိုးထဲရေထဲ၌ ဒီမိုကရေစီကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြသည်။ မြန်မာတပြည်လုံး လူထုတရပ်လုံး၏ တောင်းဆိုမှုများနှင့် တထပ်တည်း တသားတည်း ကျခဲ့သည်။ ၁၉၈၈ စက်တင်ဘာလတွင် စစ်အုပ်စုက အာဏာသိမ်းလိုက်သည်။ အာဏာသိမ်းပြီး မိုးညှင်း ကျောင်းသား ကျောင်းသူများကဇွဲမလျှော့သေး။ မကြောက်တမ်း ဆက်လုပ်ကြပြန်သည်။ ထိုသို့ဆက်လုပ်သည့် ကျောင်းသား ကျောင်းသူများ အယောက်နှစ်ဆယ်ခန့်အား န.၀.တက ဖမ်းချုပ်ပြီး မိုးညှင်းရဲစခန်းသို့ ဂုတ်ဆွဲ၊ ရိုက်နှက်၍ ပို့လိုက်ကြသည်။ ထိုကျောင်းသားများအား ဖမ်းဆီးထားမှုသည် မိုးညှင်းမြို့လူထုတရပ်လုံးအား စိတ်နှလုံးပူပန်သောက ရောက်စေခဲ့သော အဖြစ်ဆိုးကြီးပင် မဟုတ်ပါလား။

ကေအိုင်အို၏ စစ်ဆင်ရေးဗျူဟာ

မိုးညှင်းမြို့၏ ပထ၀ီတည်ရှိမှုကို အခြေခံ၍ ကေအိုင်အိုက ဗျူဟာဆွဲသည်၊ အဓိကကျသည့် အရေးကြီး စဉ်းစားရမည့် အချက်တွင် ကျောင်းသားပြည်သူ ပူးပေါင်းဆောင်ရွက်ရေးဖြစ်သည်။ ရန်သူက အရှေ့၊ အနောက်၊ တောင်၊ မြောက်ဘက် အဘက်ဘက်မှ ၀င်ရောက်လာနိုင်သည်။ ထိုနေရာများကို အဖွဲ့များစွာ ဖွဲ့၍ ပိတ်ရမည်၊ ဆို့ရမည်၊ ကာရမည်၊ တိုက်ရမည်၊ စီမံချက်သည် လုံးဝအသေးစိတ်ကျမှ ဖြစ်မည်။ ထို့အတွက် ကျောင်းသားပြည်သူများ၏ အင်အားများစွာ၏ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှုလိုလာသည်။ စစ်အောင်နိုင်ရကြောင်း အခြေခံအချက်များစွာထဲတွင် လူထုတရပ်လုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်ချက်များက ပို၍ အရေးကြီးသည်။ မြောက်ဘက်ရှိ စစ်ဌာနချုပ်များရှိရာ မြစ်ကြီးနားဘက်မှ ရန်သူကိုလည်း ဂရုစိုက်ရမည်။ တောင်ဘက်က ခ.လ.ရ(၁၅)ကိုလည်း အပြတ်တွယ်ကာ ဖိထားမှရမည်။ မိုညှင်းမြို့ကို ပတ်ခွေစီးဆင်းနေသည့် နမ့်ရင်းချောင်းအနောက်ဘက် တဖက်ကမ်းမှ ၀င်လာနိုင်သည့် ရန်သူများကိုလည်း အလေးထားရမည်။ ဘူတာနှင့်ကပ်လျှက်ရှိသော ရှေတန်းရုံးက ကောင်တွေကိုလည်း အသေးစိတ်ကြည့် မျက်ခြေမပြတ် နေမှရမည်။ မြို့တွင်း ရန်သူ၏အုပ်ချုပ်ရေး ယန္တရားမှန်သမျှ အကုန်လုံးအစုံ လုံးဂရုစိုက်ရတော့မည်။ ဤနေရာ၌ တိုက်ပွဲ၏ မြောက်ပိုင်းကျောင်းသားများ အခန်းကဏ္ဏက ပို၍ အရေးကြီးလာသည်။

ဖမ်းဆီးခံ ကျောင်းသားများကို ကယ်ထုတ်ရန်ကြိုတင် ကြိုးပမ်းအားထုတ်မှုများ

ကျောင်းသားများအားကယ်ထုတ်ရန် ကိုထွန်းလွင်၊ ကိုသံချောင်း၊ ကိုကျော်ကျော်နှင့် ကိုအောင်ကြီး၊ ကိုမင်းဌေး (ရမ်ဘို-၄ ဇါတ်ကားမှ ဗီလိန်)တို့က ပထမစောလျင်စွာ ကေအိုင်အိုဗဟိုနှင့် လိုင်စင်ဒေသ၌ တွေ့ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ကိုထွန်းလွင်က မိုးညှင်းသို့ကြို၍ ဆင်းသွားသည်။ ကေအိုင်အိုအရာရှိတဦးနှင့် ကျနော်က မြို့တွင်းသို့ ရန်သူ့အခြေအနေကို လေ့လာသည်။ တပ်ရင်း၁၅ အခြေအနေကို ဘက်ပေါင်းစုံလေ့လာသည်။ မိုးညှင်းဘူတာအနီးရှိ ရန်သူအင်အားကို တွက်သည်ဆသည်။ ထိုစဉ်က ရှေ့တန်းရုံးအနားသို့ ညနေပိုင်း ကျနော်တို့ ရောက်သွားသည်။ တန်းစီချိန်ဖြစ်သဖြင့် လူစေ့တက်စေ့ကို မြင်လိုက်ရပြီ။ ရန်သူအ၀င် အထွက်လမ်းကြောင်းများကို လေ့လာသည်။ ကျနော်(ထွန်းလွင်)သည် မိုးညှင်းပြည်သူ့စစ်များနှင့် စီမံကိန်းအသေးစိတ်ကို ဒူးတိုက်ဆွေးနွေးသည်၊ အချိန်ကာလ တလအတွင်း ကြိုးပမ်းအားထုတ်သဖြင့် ရန်သူ၏ဘက်ပေါင်းစုံ အခြေအနေများကို ခြုံငုံလေ့လာမိတော့သည်။ ဗိုလ်ပီတာ၊ ဗိုလ်ဦးဝင်း၊ ဗိုလ်ဇော်ဦးတို့ လိုင်စင်ကျောင်းသားဗဟိုမှ ဆင်းလာကြဦးမည်။

တာဝန်ခွဲဝေခြင်း

ခလရ (၁၅)ကို တွယ်မည်။ ဗျူဟာတော့ဆွဲပြီးသွားပြီ။ သဲမြေပုံများနှင့် တာဝန်ခွဲဝေကြသည်။ မြို့တွင်းသို့ ဒူကမ္ဘာ လဆန်အောင်ဝါတာဝန်ယူမည်။ တပ်ရင်း၁၅ကို ဒူကမ္ဘာဇော်တူးက တွယ်မည်။ မြစ်ကြီးနား၊ မိုးကောင်းမှ မီးရထားဖြင့်လာနိုင်မည့်ရန်သူကို ပိတ်ဆို့ဖြတ်တောက်ရန်တာဝန်ကို ဗိုလ်ဦးဝင်းနှင့်ဗိုလ်ဇော်ဦးက တာဝန်ယူကြမည်။

မြို့တွင်း နမ့်ရင်းချောင်းအနောက်ဘက်ကမ်း ရှေ့တန်းရုံးမှ ၀င်လာနိုင်သော ရန်သူများကို ဗိုလ်ထွန်းလွင်က တာဝန်ယူကြမည်။ အချုပ်စခန်းသို့ ၀င်စီးထိုးဖေါက်ရေးနှင့် ကျောင်းသားကျောင်းသားများအား ကယ်ထုတ်ရေးတာဝန်ကို ဗိုလ်ပီတာက တာဝန်ယူမည်။ ဗိုလ်စိန်အေးက မျက်စိမကောင်း၍ ဗျူဟာကုန်း၌သာ ကျန်နေရစ်တော့သည်။ ဒီ…မိုးညှင်းမြို့ ၀င်စီးသည့် တိုက်ပွဲသည် ကျောင်းသားတပ်မတော် သမိုင်းတွင် အစောဆုံးသေနတ်ပေါက်ခဲ့သည့် တိုက်ပွဲအဖြစ် မြန်မာပြည်မြောက်ဖျားက ဒေါင်းများက မနောမြေတွင် ၁၉၈၉ခုနှစ် ဖေဖေါ်ရီလလည်ပိုင်းတွင် သမိုင်းကမ္ဗည်း ရေးထိုးကြတော့မည်……. ။

စစ်ပြင်ခြင်း

အချိန်က ညမှောင်ပြီ။ မြို့ကို ကပ်တော့မည်။ ဆောင်းတွင်း အအေးဓါတ်က ကျနော် (ဗိုလ်ထွန်းလွင်)ကို နှိပ်စက်လျှက်ရှိသည်။ ရဲဘော်များက ခုန်ဆွခုန်ဆွဖြစ်နေသည်။ ကျနော်သည်လည်း အင်္ကျီအပါးလေးဖြင့် အချမ်းဒါဏ်ကို ခုခံကာကွယ်လျှက်။ ငါတို့ကျောင်းသားတွေ အရေးက ပိုအရေးကြီးသည်ဟု စိတ်ထဲတွင်တင်းထားလျှက် အအေးဒါဏ်အား စိတ်ဖြင့်ကာလျှက်။ ကေအိုင်အိုရဲဘော်များ၏ သေနတ်မောင်းထိုးသံများ ဂျောက်ဂျက်ဂျောက်ဂျက်၊ လူစစ်ဆေးနေသံများနှင့် စိတ်ထဲမှာတော့ ဂယောက်ဂယက် ဒီကောင်တွေ အရေးတော်ပုံကိုလည်းဖြိုခွဲသည်။ ငါတို့မန္တလေးဘုန်းကြီးတွေကို ပစ်သတ်သည်။ ငါတို့စစ်ကိုင်းလူထုကိုလည်းပစ်သတ် မြစ်ထဲမျှောချသည်။ ငါတို့ ကျောင်းသားများကိုလည်း ဖမ်းဆီးထားသည်။ ကျားနှင့်ဆင်တော့ လယ်ပြင်မှာ တွေ့ကြတော့မည်။ အာဏာသိမ်းစစ်ဘီလူးစောမောင်ရေ …….. ! နိုင်တုံးလုပ်ထားကွလို့သာ စိတ်ထဲကတေးနေမိသည်။

ချရတော့မည်ဆိုသည့် အသိကရင်ထဲသို့ ဆောင့်တက်လာသည့်နှယ် တလှိမ့်လှိမ့် တက်လာနေသည်။ ဆူနာမီရေလှိုင်းထက်ပင်လျှင် အဆထောင်သောင်းကြီးမားနိုင်သည်။ ဒီကောင်တွေကို ချမှရတော့မည်ဟု စိတ်ကူးအတွေးဝေစီလျှက်၊ တပ်ရင်း(၁၅)ကို ညလင်းအားကြီး နှစ်နာရီတွင် တိုက်မည်။ သတ်မှတ်ထားသော အချိန်ရောက်ရန် ကျနော်သည် စိတ်စောလျှက်၊ စိတ်မောလျှက်၊ စောင့်ရသည့်အလုပ်သည် ကမ္ဘာမှာ အပင်ပန်းဆုံးအလုပ် ဖြစ်သည့်အတွက် ကျနော်ကမချင့်မရဲ ဖြစ်နေမိသည်။ ကျနော်၏ စိတ်အရှိန်သည် အထွတ်အထိပ် အဖျားသို့ ရောက်လျှက်။ နှစ်နာရီတွင် ချတော့မည်။ ထိုးပါတော့ ဒီနှစ်နာရီဟု "တ"နေမိသည်။ နှစ်နာရီထိုးပြီ ၀င်တော့ဟု စက်မှ ပြောလာသည်နှင့် ချရတော့မည်ဟူသော စိတ်အလျင်နှင့်အတူ မြို့အတွင်းသို့ အရှိန်ဖြင့်ပြေးဝင်မိသည်။ ထိုစိတ်အလျင်၏ ရိုက်ခတ်လာသဖြင့် ၀မ်းသာကြည်နူးစိတ်များကြောင့် ကျနော်၏ ပါးပြင်ပေါ်သို့ မျက်ရည်များ သူ့အလိုလိုကျဆင်းလာသည်။
ထိုစဉ်မြို့အနီးသို့ ကပ်၍၀င်ရောက်နေသော ကျနော်တို့ တပ်ဖွဲ့ကို ဆုတ်ပါဆုတ်ပါ ဟု ပြောလိုက်သံကြီးက နားထဲသို့ သံရေပူနှင့်လောင်းချနေသကဲ့သို့ ဖိစီးဝင်လာသလို အသံတွေ၊ ကျနော်၏ သေနတ်ဖျားတွင် တပ်ထားသော ချွန်မြနေသော ဘက်နက်ကို "မင်း" ဖြုတ်သိမ်းလိုက်ပါဟု ပြောဆိုနေသကဲ့သို့။ သို့လော သို့လော …။ စစ်ဆိုသည်မှာ မထင်မှတ်သောအရာများက ၀င်ရောက်လာတတ်သည်။ ဆုတ်ပါဟုပြောခြင်းကို မကျေနပ်နိုင်။ ဘေးဘီကြည့်လိုက်တော့လဲ အားလုံးက နေမြဲ။

မြို့တွင်းသို့ ၀င်ရောက် ထိုးဖေါက်တိုက်ခိုက် စီးနင်းခြင်း

ထိုစဉ် လက်နက်ကြီးသံ အုန်း … ဂျိန်းဆိုသည့် အသံများ တပ်ရင်း ၁၅ဖက်က ကြားလိုက်ရသည်။ ဂျီသရီးအသံ၏ ဒုတ်…ဒုတ်…ဒုတ် ဟုအသံများက ဖေါက်ထွက်လာသည်။ အေကေ၄၇ အသံများကလည်း ကျွက်ကျွက်ဆူလာသည်။ လက်နက်ကြီးကျသံ၊ သေနတ်ပေါက်သံများက မိုးညှင်းမြို့၏ မနက်ဦးယံကို လှုပ်ခါနိုးထစေသည်။ မြောက်ပြန်လေနှင့် အတူသယ်လာသော ကာဘိုက်ယမ်းနံ့က ကျနော်၏ စစ်သွေးစစ်မာန်ကို ဒိုင်းကနဲဆောင့်တက်စေလာသည်။ ကျနော်တို့ မြို့ဝင်မည့်တပ်ဖွဲ့သည်လည်း နော်မန်ဒီကမ်းခြေသို့ တက်၍ထိုးသော စစ်သည်များလို တရှိန်ထိုး တိုး၍ မြို့တွင်းသို့ တဟုန်ထိုး ၀င်ကြလေပြီ။

မိုးညှင်းမြို့ မြောက်ဖက်တွင် ဗိုလ်ဇော်ဦးနှင့်ဗိုလ်ဦးဝင်း ဦးဆောင်သည့်အဖွဲ့က ရန်ကင်းတံတားကိုလည်း ဖေါက်ခွဲကုန်ပြီ။ အားလုံးတိုင်ပင်ကိုက် လှုပ်ရှားကြပြီ။ ၀ုန်း … ဂျိန်း။ ဒုတ်ဒုတ်ဒုတ်ဒုတ်အသံများက ဆူကျွတ်ဆဲ။ တောင်ဖက်၊ မြောက်ဖက်အရှေ့ဖက် အနှံ့သေနတ် ပေါက်ကုန်ကြလေပြီ။ အောင်သပြေ၊ နတ်ကြီးကုန်းလမ်းကြောင်းအတိုင်း ကျနော်က နမ့်ရင်းချောင်းဘက်သို့ ဦးတည်နေသည်။ ကျနော်နှင့်အတူ ကေအိုင်အိုစစ်ကြောင်းသည်လိုက်ပါလျှက်။ ချောင်းဘက်မှ ၀င်လာနိုင်မည်ဖြစ်သော ရန်သူများတွင်သာမက ဘူတာဘေး၌ ရှိသော ရှေ့တန်းခွေးရုံးများကိုလည်း ကျနော်တာဝန်ယူထားရသည်။ ကျနော်၏ တာဝန်ကလည်း အရေးကြီးနေသည်၊ မြို့ထဲမှလျှံ လာနိုင်သည့် ရန်သူ၊ မြို့တွင်းရန်သူ ၀င်လာနိုင်သည့်လမ်းများကို ကျနော်တို့ ပိတ်ဆို့ရလေပြီ။

ရန်သူ့ သေနတ်ပစ်မိုးပေါ်ထောင်ဖေါက်သံများက တမြို့လုံးဆူညံလျှက်ရှိနေသည်။ သေနတ် ကျည်ဆံများ၏ မီးရောင်များကလည်း တလက်လက်တဖိတ်ဖိတ် ထွက်လျှက်ရှိသည်။ ကျနော်တို့ရဲဘော်ရဲဘက်များ၏ ၂၂အမျိုးအစားသေနတ် သုံးလက်၏ မီးရောင်အရှိန်များသည်လည်း ကားမီးထွန်းသည့်ပမာ အရောင်များက ဖွေးဖွေးလှုပ်လျှက်။ ကျနော်သည် ထိုနေရာမှ မြို့အ၀င် ကြိုးတံတားရှိရာသို့ ဖေါက်ထွက်သွားရသည်။ ထိုနေရာရောက်သည်နှင့် ကျနော်၏ တပ်စုကို ကမန်းကတန်း နေရာချပြန်ရသည်။ ပြီးလျှင် သံတံတားရှိရာဘက်ဆီသို့ အပြေးအလွှား သွားရပြန်သည်။ ထိုနေရာမှ ခုခံနေသောရန်သူကို ကျနော်တို့ သွား၍ ဖြိုခွင်းရပြန်သည်။ ရန်သူက ကြောက်လန့်တကြားဆုတ်ခွာသော်လည်း ကာပစ်တော့ ပစ်နေသေးသည်။ ရန်သူဆုတ်ခွာသည့်သတင်းကို ကြိုးတံတားရှိရာ ကျနော်၏ မဟာမိတ်များဘက်သို့ ထိုသတင်းပေးပို့ရန် သွားရပြန်သည်။ ရပ် … ဘယ်သူလဲ ! ဘယ်သူလဲ ! ဟု မေးသံကြားလိုက်ရသည်၊ ကျနော်၏ ရဲဘော်က ကချင်လိုပြောလိုက်သဖြင့် ကျနော့်တို့ကို စပစ်တော့သည်။ ဟိုက်!!ဟုသာအော်နိုင်သည်။ အလျှင်အမြန်ဝပ်လိုက်ရသည်။ အကွာအဝေးသည်ကား ၁၀ကိုက်မျှသာ။ ရန်သူက ကြောက်ကြောက်နှင့် ပစ်၍သာ ကျနော့်နှင့် ရဲဘော်များကို မထိခြင်းပင်။ ကျနော်က လှိမ့်၍ လှိမ့်၍ နေရာယူသည်။ လက်ပစ်ဗုံးနှင့် ပစ်ခွဲရန်ကြံစည်မိသော်လည်း အခြေအနေမပေးလိုက်။

တိုက်ပွဲဖြစ်စဉ်များသည်ကား ရူပ်ထွေးလျှက်ရှိနေသည်။ ရန်သူပစ်သော သေနတ်မီးရောင်များက ဖွာကနဲဖွာကနဲ ရဲကနဲရဲကနဲထွက်လာနေသည်။ ကျနော်က မြို့လည်ဘူတာရုံအနီးရှေ့တန်းရုံးမှ အန်ထွက်လာနိုင်မည့် ရန်သူမှန်သမျှကို ပိတ်ဆို့ကာဆီး ပစ်ရှင်း ရှင်းနေရသည်။ သေနတ်သံများကလည်း ရေနွေး ပွက်ပွက်ဆူ နေသကဲ့သို့ဖြစ်နေသည်။ အသံကိုမြှင့်လျှက် လက်သီးကိုဆုပ်ကာ … ယော်အေ့ ယော်(ကချင်စကား) (ချဟေ့ … ချကွ)ဟု ကျနော်သည် ဟစ်ကြွေးလျှက်ရှိနေသည်။ အနောက်ဘက် သံတံတားဘက်မှ ရန်သူပစ်လိုက်သည့် ကျည်ဆံမီးကျည်များသည် ကျနော်တို့ ဘက်ရှိရာသို့ တန်းကနဲတန်းကနဲ။ ကျနော်တို့ မဟာမိတ်ကလည်း ရဲရဲတင်းတင်း လမ်းမပေါ် စက်သေနတ်ကို ထောက်ကာ ရန်သူကို တဒက်ဒက်နှင့်ပစ်ခတ်နေသည်။

သေနတ်သံများကလည်း လူထုကို ဆွဲရမ်းနှိုးနေသကဲ့သို့။ မိုးညှင်းပြည်သူလူထုကြီးကလည်း သေနတ်သံများကြောင့် အိပ်မောကျရာမှ နိုးထလာကုန်ကျပြီ။ သေနတ်ပေါက်သံများက လူထုကြီးကို လှုပ်ရမ်း နိုးခါနေသည်။ ထိုခဏတွင်ပင်လျှင် အသံနက်ကြီးများ တမြို့လုံး ဟိန်း၍ ဟိန်း၍ ထွက်လာသည်။ ထိုအသံကြီးက ရန်သူကို တုန်လှုပ်ခြောက်ခြားစေသည်။ ထိုအသံနက်ကြီးက မနက်ခင်းအရုဏ်ဦးတွင် ကျယ်လောင်စွာ မြည်ဟည်းလျှက်။ ကျယ်လောင်စွာထွက်ပေါ်လျှက်။ ထိုအသံကြီးကား ရန်ငါစည်းခွဲခြားသံ။ ထိုအသံသည်ကား ရန်သူကို ပုန်ကန်သည့်အသံ။ ထိုအသံသည်ကား ….ချကွ၊ ချကွ ….ဒီကောင်တွေကို ချကြကွဟု နေအိမ်များတွင်းမှ အားပေးသံများကြားရသည်။ လူထုက အသံဖြင့် စစ်အုပ်စုကို ပုန်ကန်ကုန်ကြပြီ ….။ မိုးညင်းမြို့ကြီးကို ထိုအသံဖြင့် လှုပ်နိုးလှုပ်ခတ်လှုပ်ရမ်းသွားစေခဲ့ပြီ။

န၀တ ခလရ (၁၅)တပ်ရင်းမှူးဗိုလ်မှူးကြီး၏ ထွက်ပြေးခြင်း အဖြစ်သနှစ်

တမြို့လုံး ဒိန်းဒိန်းဒိုင်းဒိုင်းဖြစ် မိုးလုံးညံကာ ဝေသာလီပြည် ဘီလူးစီးသလို ဖြစ်နေသည်။ တပ်ရင်း(၁၅) တပ်ရင်းမှူးကြီးသည် သွေးလေ ခြောက်ခြားနေသည်။ သူသည်ပြေးပေါက်ရှာ ကြံလျှက်ရှိနေသည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲ ကျောင်းသားပူးပေါင်းမှုကြီးက သူကိုယူနီဖေါင်းတောင် ဝတ်ချိန်မပေးနိုင်။ ဆောင်းကာလကြီးတွင် မာရသွန်အပြေးသမားတယောက် လုပ်ခိုင်းလိုက်သည်။ လန်ကွတ်တီနှင့် ဒိုးမှရတော့မည်။ သူ၏ လန်ကွတ်တီ အောက်ခံအနီရောင် ဘောင်းဘီတိုကိုပင်လျှင် မြင်နေရပြန်သည်။ မဲပြောင်ပြောင် ကိုယ်လုံးကြီးပေါ်၌ အတွင်းခံဘောင်းဘီတထည်မျှသာ တင်နိုင်တော့သည်။ တမြို့လုံး လက်နက်ကိုင်ပျောက်ကျားများ စိမ်းစိမ်းလှုပ်နေသည်။ နောက်ကျတဲ့ ခြေထောက် သစ္စာဖေါက် ဟုသူတွေးမိလိုက်သည်ထင်ရဲ့။ ထိုမှစ၍ သူသည် ဖနောင့်နှင့် တင်ပါးတသားတည်းကျကာ အသကုန် ခြေကုန်သုတ်လေတော့သည်။ အဝေးမှ ပြေးလာသော ထိုမဲမဲလုံးလုံးကြီးကို (ဈေးထွက်ရောင်းလာကြသော ဈေးသည်မများက ဤသို့ မြင်၍ နောက်ပြန်ပြောပြချင်မျှသာ)ဟယ် …. ဝေလီဝေလင်းမှာ ၀ိရိယ ကောင်းလိုက်တာ ….ဟယ်၊ စောစောစီးစီးကြီး အင်္ကျီမပါဘဲ အပြေးကျင့်နေလိုက်တာ ဟု မှတ်ချက်ချနေကြသည်။ လက်နက်ကိုင်တိုက်ပွဲနှင့် လူထုပေါင်းစပ်မှုကြီးက သူကို အမှုန့်ကြိတ်ကြတော့မည်၊ ပြေးနိုင်မှ လွတ်ပေတော့မည်။

သူသည်မြို့တွင်းသို့ သွေးရူးသွေးတန်း ပြေးမိရာပြေးနေသည်။ သေငယ်ဇောဖြင့် ပြေးနေသဖြင့်နောက်သို့ ပင်မလှည့်ကြည့်နိုင်တော့။ ဖနောင့်နှင့် တပ်ပါးတသားတည်းကျနေသည်။ သူသည် မိုင်ငါးမိုင်ကျော်ခရီးကို သက်လုံအပြည့် ၀ိုင်းကြီးပတ်ပတ်ပြေးနေသည်။ တံတားဂိတ်ရန်သူရဲဘော်တပ်စိတ် တစိတ်ဆီသို့ သူသည်ကြောက်လန့်တကြား မောကြီးပမ်းကြီး ရောက်လာ၍ ကျနော်တို့ပြန်အတက်လမ်းကို သွားရောက်ပစ်ခတ်ရန် အာဏာပြအမိန့်ပေးလျှက်ရှိသည်၊ အမိန့်ပေးပြီးသည်နှင့် သိုကိုယ်၌ကား ဘန်ကာထဲ၌ အချိန်မှီခုန်ချလိုက်ကာ ဇက်ပု၍ ၀ပ်၍နေသည်။

ကယ်ဆယ် လို့ရပြီ ….!

မိုးညှင်းရဲစခန်း၌ ကျောင်းသားများကို ချုပ်နှောင်ထားသည်။ ထိုကျောင်းသားများကို ကယ်ထုတ်ရန် ဗိုလ်ပီတာ စစ်ကြောင်းက တာဝန်ယူရသည်။ ရဲစခန်း၊ ကောင်စီရုံးများရှေမှ ဘန်ကာထဲက ရန်သူက ကန့်လန့်ကန့်လုပ်နေသည်။ ကျောင်းသားတပ်မတော်ဝင်မည့် လမ်းကြောင်းကို ပိတ်ဆို့ထားနေသည်။ ဒီကောင် တွေကိုရှင်းမှ ရတော့မည်။ ဘဇူကာ တလုံးပစ်ထည့်လိုက်သည်။ ဘဇူကာက အပေါ်သို့ ထောင်တက်ကာ ထိုဘန်ကာထဲရှိ အကုသိုလ်ကောင်များဆီသို့ တန်း၍ မတ်၍ ၀င်သွားချေပြီ။ ဒုန်း … ဂျိန်း။ ဘဇူကာသီးကြီး၏ အစွမ်းကထက်လေစွ။ စစ်ကြောင်းသည် အရှိန်ဖြင့် ထိုး၍ ရဲစခန်းဝင်းထဲသို့ အပြေးဝင်ရောက်သည်။ အချူပ်ခန်းသော့ကို သေနတ်များဖြင့် ပစ်ချိုးဖျက်စီးလိုက်ကြသည်။ သံတိုင် အချုပ်စခန်းကြား၏ ကျနော်တို့ သွေးသောက်ကျောင်းသား ရဲဘော်များ။ ငြိုးလျစွ နွမ်းဖတ်ဖတ်နှင့်သူများ။ ရိုက်နှက်နှိပ်စက်ထားသည့် ဒဏ်ရာများကြောင့် တချို့ကမထနိုင်။ တချို့က သံတိုင်များကို ကိုင်၍ငေး၍။ စစ်ကြောင်းဝင်လိုက်သည်နှင့် ရဲဘော်များရေထိသော ပန်းများကဲ့သို့ လန်းဖြာကုန်သည်။ ကျောင်းသားကျောင်းသူလေးများ၏ မျက်ဝန်းအိမ်များ၌ အားငယ်စိတ်။ ကြောက်ရွံ့စိတ်များမှ ၀မ်းသာကြည်နူးမှုများကို သေနတ်သံများကြားမှ တွေ့လိုက်ရသည်၊ ဗိုလ်ပီတာ၏ လက်နှင့်သူတို့လက်များ လက်ချင်းယှက်သွားကြသည်၊ သူတို့၏ လက်များက ခိုင်မြဲလို့နေပြီ။ အောင်ပြီ….။ အောင်ပြီ….။ အောင်ကြပြီဟု ကြွေးးကြော်သံများက ကျောင်းသားရဲဘော်များနှင့် ပြည်သူများ၏ နူတ်ဖျားမှ ပွင့်အံ ထွက်လာကြသည်။ ဒို့အရေး …..၊ ဒို့ အရေး အသံများကလည်း မိုးလုံးညံလျှက် ချကွ ….။ ချကွ ….။ အောင်ပြီ ….။ အောင်ပြီ ….။ ဒို့အရေး ဒို့အရေး…. တို့ပြည်သူများ အရေးပင် မဟုတ်ပါလား။

ရန်သူကိုဖမ်းဆီးရမိခြင်း

တရားရုံးထဲက စာရွက်စာတမ်းများကို မီးရှို့လိုက်သည်။ ရဲစခန်းကိုမီးတိုက်သည်။ ဒီနေရာတွေဟာ လူထုကို မတရားဖိစီးသည့် နေရာများမို့ ဤသို့ပြုကြရသည်။ ညီနောင်ကျောင်းသားများကို ခေါ်ဆောင်လာခဲ့ပြီး မလိုအပ်သော သူများအား ရဲစခန်းမှ လွှတ်ပေးလိုက်ကြသည်။ ထိုဟုန်းတောက်နေသော မီးရောင်များက မိုးညှင်းမြို့တမြို့လုံးကို ထိန်ထိန်လင်းလျှက်ရှိသည်။ ကျနော်တို့ ရည်မှန်းချက်ပြီးဆုံးပြီ။ သတ်မှတ်နေရာသို့ရောက်အောင် စစ်ကြောင်းက အမြန်ဆုတ်ခွာကြကုန်လေပြီ်။ ကျနော်သည်လည်း တောင်ခြေဘက်သို့ဦးလှည့်၍ စစ်ကြောင်းများနှင့် နောက်ကြောင်းပြန်ဆုတ်ခွာသည်။ တောင်ခြေစပ်ကလေးတနေရာသို့ ရောက်သွားသည်။ ထိုနေရာ၌ ဗိုလ်မှူးသိန်းတင့် အူယာဖားယားပြေး၍ ပစ်ရန်အမိန့်ပေးခဲ့သော တံတားထိပ် တပ်စိတ်မှရန်သူ သုံးကောင်ကို တွေ့လိုက်ရသည်။ ကျနော်က ဟိတ် … ! လက်နက်ချ၊ လက်နက်ချ ဟု အော်ပြောသည်။ ထိုသုံးယောက်သည် ကြောက်ဒူးများတုန်လှုပ်ရှိနေသည်၊ သူတို့၏ မျက်နှာသည် ကြောက်ရွံမှုများကြောင့် ဘီးလူးသံပုရာသီး ကျွေးသကဲ့သို့ဖြစ်နေသည်။ ကျနော်တို့ ကျောင်းသားတွေပါ ခင်ဗျားတို့ အသက်တွေကို ကျနော်တို့ လုံးဝအာမခံတယ်ဟု အော်ပြောနေသော ကျနော့်ကို သုံ့ပန်းပေါ်လစီကို နားမလည် မသိသေးသော ကေအိုင်အေရဲဘော်များက ကြောင်တောင်တောင်ဖြင့် ကြည့်နေကြသည်။ ကျနော်က လမ်းမကြီး၌တကိုယ်လုံးပေါ်၍ ထွက်အော်နေသည်။ ဘာအကွယ်မှမရှိ။ ထိုကြောင့် ကေအိုင်အိုရဲဘော်များက ကျနော်တို့ကျောင်းသားများ၏ ရဲတင်းမှုကို အံ့သြလျှက်ကြည့်နေသည်။ တပ်ကြပ်ကြီးတဦးနှင့် တပ်ကြပ်နှစ်ယောက် သစ်ပင်အကွယ်မှ ထွက်လာကြသည်။ ဂျီသရီး၊ ဂျီဖိုးသေနတ်များကိုင်ဆောင်လျှက်။ ကျနော်၏ ရှေ့ ဒေါက်ထောင်လျှက်သား လက်နက်လာချသည်။ ကျောင်းသားများအပေါ် ယုံကြည်ကိုစားလွန်း၍ သူ့အသက်၏အရံ လက်ပစ်ဗုံးကိုပင် သူ့အိတ်ထဲ၌ နိုက်ယူသွားရန် ဆိုခဲ့သည်။ ထိုမှစ၍ သူတို့တပ်ရင်း(၁၅)တပ်ရင်းမှူးကြီး၏ ဖြစ်အင်သနစ်ကို ကျနော်တို့ သူတို့ထံမှ စုံလင်စွာသိလိုက်ရသည်။ သူတို့တပ်ရင်းမှူးကြီးတောင် အသကုန်ပြေးမှတော့ဖြင့် သူတို့သည်လည်း ဤကဲ့သို့ လက်နက်ချရလေပြီ။ ပြည်သူ့ချဉ်ဖတ် ရဲအလောင်းများသည်လည်း မီးစက်ဝင်းထဲမှာ ပိုးလိုးပက်လက် မြင်ခဲ့ရသည်။

ကျနော်တို့အဖွဲ့များသည် အောင်ပွဲရခဲ့သည့် စစ်သည်တော်ကြီးများပမာ ဆုတ်ခွာလာခဲ့ကာ နှုတ်မှတော့ "တိုင်းပြည်ကို… ရှေ့ဆောင်ကာ… တို့ကျောင်းသားတွေသည်… စံနမူနာတင်… ကျောင်းသား သမဂ္ဂတို့ဖြစ်သည် ကမ္ဘာတ၀ှမ်းမှာ … မြန်မာစွမ်းတာ … မော်ကွန်းတင်ပါမည်၊ ဒို့တတွေသွေးစည်းမည်။ မြန်မာပြည်ဆိုင်ရာ … ကျောင်းသားသမဂ္ဂသည်…ရာဇ၀င်တင်လောက်ပေသည်… တော်လှန်ရာတွင် ရှေ့ကပင်ဦးစီးသည် သက်စွန့်ကျိုးပမ်း … ထမ်းရွက်ခဲ့ပေသည်၊ ကိုယ်ကျိုးအတွက်ဆို…. မငဲ့ကွက်နိုင်ပါသည် ကျောင်းသားများရဲ့ … ကောင်းကျိုးတွေကို…ထမ်းရွက်မည်…….။ "ကျောင်းသားသမဂ္ဂ"သီချင်းဆိုသံများသည် မိုးညှင်းအရှေ့ တောတောင်တခွင်လုံးကို ရိုက်ခတ်သွားသည်။ အချုပ်ခန်းထဲမှ ရရှိခဲ့သော ရိုင်ဖယ်သေနတ် ဖေါက်သံများကလည်း "ကျောင်းသားသမဂ္ဂ"သီချင်းကို ဘရာဇီးတွေ တီးခတ်သည့် ဆမ်ဘားတေးဂီတလို နရီစည်းဝါးလိုက်လျှက်နေသကဲ့သို့ပင်… ရှိလေ၏။

စစ်ထွက်တော့မည့် မြောက်ပိုင်း ခွပ်ဒေါင်းစစ်သည်တော်များ

မားမားမတ်မတ် ထိုးထိုးထောင်ထောင် ရှိသော မနောမြေ စိမ်းညှိ့ညှိ့တောင်တန်းကြီးများက ကျနော်တို့ကို ရင်ဖွင့်၍ ကြိုဆိုနေသည့်နှယ်၊ မိုးညှင်းနမ့်ရင်းချောင်းကြီးသည်လည်း သာယာသော အလျင်အဟုန်ဖြင့် စီးဆင်လျှက်၊ ကျနော်တို့သည်လည်း အေးမြ၍ လွတ်လပ်စိမ်းစိုသော တောရိပ်တောင်ရိပ်၏ ရင်ခွင်သို့ ခိုလှုံမိကြသည်။

လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုကျောင်းသားများ၏ အစွမ်းထက်လှသော လက်စောင်း ကို န.၀.တ ကောင်းကောင်ကြီး ခံစားလိုက်ရချေပြီ။ မိုးညှင်းတရားရုံး၊ ရဲစခန်းများမှ ထွက်ပေါ်လာသော မီးခိုး မှိုင်းမှိုင်းကြီးများက သက္ကရာဇ်၁၉၈၉ရဲ့ ဖေဖေါ်ဝါရီလ ကောင်းကင်တိမ်တိုက်များ အကြား အမှန်တရားကို ရေးချယ်နေသလို မနောမြေတောင်တန်းများပေါ်မှ သမင်လည်ပြန်ကြည့်မိတဲ့ ကျနော်တို့ မြင်တွေ့လိုက်ရသည်။

ထိုနေ့က ကေအိုင်အိုနောက်တန်း တပ်ရင်း(၅)မီးပုံပွဲကြီး၏ စစ်ဇောမာန်တက်နေတဲ့ မီးရောင်အရှိန်များဟာ တတောလုံးတတောင်လုံး လင်းထိန်လျှက် ရှိလို့နေသည်။ ကျနော်တို့ ကချင်ပြည်ကျောင်းသားများသည် အောင်သေအောင်သား စားလျှက်၊ ပျော်လျှက်၊ မော်လျှက်။

ဒါတွေသည် စစ်အာဏာရှင်တွေကို အန်တုမည့် အနှစ်၂၀ကျော် ဒီမိုကရေစီ ခရီးရှည်ကြီးရဲ့ အစလို့ အဲဒီအချိန်က ကျနော်တို့ မတွေးမိသေးတာတော့ အမှန်ပါ။

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်