Monday, March 24, 2008

“ဘာလို့ဒီအတိုင်းငုံ့ခံနေကြတာလဲ”

စက်တင်ဘာရဲ့ မမေ့ရက်တဲ့ နေ့ရက်ဆိုးများ
မြန်မာအမျိုးသမီးတဦး
စက်တင်ဘာ… မှသည်… ဒီဇင်ဘာ၊ ဒီဇင်ဘာမှသည် မတ်လ။ အချိန်တွေကို အဲသလို ကျော်ဖြတ်ခဲ့ပေမယ့် နှစ်ဟောင်းမှာ ကြေကွဲစရာတွေကို ချန်ထားရုံ ချန်ထားခဲ့ရက်မှာလား။ ပုံမှန် လှုပ်ရှားရုန်းကန် သွားလာမှုတွေနဲ့ အေးဆေး တည်ငြိမ်နေပြီဆိုတဲ့ ကျမတို့ မြန်မာပြည်။ ဖြစ်ခဲ့သမျှတွေဟာ ဒီလိုနဲ့ပဲ ပြီးဆုံးသွားတော့မှာလား။
ဒီလိုပဲ ပြီးခဲ့ရတာပါပဲလို့ ပြောတဲ့သူတွေကို တခုတော့ ကျမပြောချင်ပါတယ်။ ဒီလိုနဲ့ပဲ ကျမတို့ ကြုံခဲ့သမျှတွေကို ခေါင်းငုံ့ခံခဲ့ကြလို့ ခုချိန်ထိ အာဏာရှင်တွေ လက်အောက်က မလွတ်မြောက်နိုင်ခဲ့သေးတာ ဆိုတာကိုပါ။ တကြိမ်တည်းနဲ့တော့ မရနိုင်ဘူး။ နောက်အကြိမ်တွေအတွက် ပြည်သူတွေ သွေးအေးမသွားကြပါနဲ့ဦးလို့ ကျမပြောချင်တယ်။ ကျမတို့ရဲ့ သားတွေ မြေးတွေ နောင်ရေးအတွက် ကျမတို့မှာ တာဝန်ရှိပါတယ်။
အာဇာနည်တွေ ပေါများလှတဲ့ ကျမတို့ မြန်မာပြည်။ ဒီလောက်တောင် စဉ်းစားဉာဏ် နည်းပါးပြီး တိုင်းပြည် ဆုတ်ယုတ်ပျက်စီးအောင်၊ စုတ်ပြတ် သတ်အောင် လုပ်နေတဲ့ လူတစုရဲ့ လက်အောက်က ဘာဖြစ်လို့ ကျမတို့ မလွတ်မြောက်နိုင်ကြတာလဲ။စက်တင်ဘာ အရေးအခင်း ဖြစ်လာတာ ဆီဈေးနှုန်းတွေ ရုတ်တရက် တက်သွားတာ သက်သက်ကြောင့်လို့ တော့ ကျမအနေနဲ့ မထင်မိဘူး။ မြန်မာပြည်သူ ပြည်သားတွေမှာ ခံစားနေရတဲ့ ဒုက္ခတွေ ခါးသီးပြည့်နှက် နေတဲ့အချိန် နောက်ထပ်တိုးလာတဲ့ ဒုက္ခတခုအတွက်တောင် ခံစားနိုင်စွမ်းမရှိတော့လို့ ပေါက်ကွဲထွက်သွား ရခြင်းလို့ပဲ သာမန်နားလည်မိပါတယ်။
ကျမက နိုင်ငံရေးတွေ ၀ါဒတွေ မသိတဲ့၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲလည်း မရှိတဲ့ သာမန်ပြည်သူတဦးပါ။ ကျမတို့ ပြည်သူတွေဟာ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး ပြေပြေလည်လည်နဲ့ အေးအေးချမ်းချမ်း နေရတဲ့ (ကိုယ့်အိမ်ထဲ ကိုယ်နေပြီး ဗိုလ်တကာ့ ဗိုလ်တွေကို ကြောက်နေရတဲ့ အခုလို ဘ၀မျိုးမဟုတ်တဲ့) ဘ၀မျိုးကိုတော့ လိုချင်ကြမှာပါပဲ။ ပြည်သူတွေ ဘာတွေ လိုအပ်နေကြသလဲ၊ ဘာတွေ အဆင်မပြေ ဖြစ်နေကြသလဲ ဆိုတာကို မကြည့်ဘဲ မျက်မှောက် အခြေအနေကို မျက်ကွယ်ပြု၊ ပြည်သူ့အသံတွေကို နားခါးနေတဲ့ အစိုးရကို ဘယ်ပြည်သူက ကြည်ဖြူပါ့မလဲ။ ကျမလို သာမန်လူတယောက်တောင် ဆီဈေးတွေ ရုတ်တရက် တက်သွားပြီး ပြည်သူတွေ ဟိုပြေး ဒီပြေး ဒုက္ခရောက်နေတာ တွေ့မြင်လိုက်ရတော့ မုန်တိုင်းရဲ့ အနံ့အသက်ကို ခံစားမိလိုက်တယ်။ တိုင်းပြည်ကို အုပ်ချုပ်ချင်နေတဲ့သူတွေ ရှိသမျှအခွင့်အရေးတွေ အချင်းချင်း လုယူဖို့၊ ကိုယ့်စားခွက် ဘယ်သူဝင်လုမလဲ မာန်စောင်နေရတာတွေ အတွက်ပဲ အချိန်ကုန်နေကြလို့ ဒါတွေကို မသိမမြင်ကြတာလား။ ပြည်သူတွေ ခံစားနေကြရတဲ့ ဒုက္ခတွေ၊ ပြည်သူတွေရဲ့ တကယ့် အခြေအနေ မှန်တွေကို မမြင်လောက်အောင်ကို လစ်လျူရှူထားလို့ပဲလို့ ကျမ ရင်နာနာနဲ့ သဘောပေါက်လိုက်ရပါတယ်။
တနေ့ထက် တနေ့ ပိုတိုးတိုးလာတဲ့ ဒုက္ခတွေကို အသံတိတ် ကြိတ်မှိတ်လို့ ခါးစည်းသာ ခံကြပေတော့။ အသံမထွက်နဲ့ …၊ အစိုးရကို အကြည်ညိုပျက်အောင် မလုပ်နဲ့။ စိတ်နဲ့တောင် မပြစ်မှားနဲ့။ လက်ထဲမှာပဲ ဥပဒေရှိတယ်။ လက်ထဲမှာပဲ အမှားအမှန် ရှိတယ်၊ လက်ထဲမှာ သေစေတတ်တဲ့ သေနတ်တွေ ရှိတယ်။ ကျည်ဆံတွေမှာ မျက်စိမပါဘူး။ အဲသလို ခြိမ်းခြောက်မှု များစွာအောက်မှာ၊ မမျှတမှုတွေကြားမှာ၊ ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေနဲ့ ကြီးပြင်းလာကြရတဲ့ ပြည်သူတွေ ကြောက်တတ်ကြတာ အပြစ်လို့ မယူဆမိဘူး။
ကဲ … ဒီလောက် ကြောက်တတ်တဲ့ ပြည်သူတွေ ဆန္ဒပြပွဲထဲ ထွက်လာကြတဲ့ အဖြစ်ဟာ ဘာကြောင့်လဲ။ သတ္တိရှိပြီး ပြည်သူတွေဘက်မှာ အမှန်တရားဘက်မှာ ရပ်တည်ရဲတဲ့ ခေါင်းဆောင်တွေကို ယုံကြည်ကြလို့လို့ ကျမပြောရဲပါတယ်။ ရှေ့ဆုံးမှာ ကိုယ်တိုင်နေပြီး တရားမျှတခြင်းနဲ့ ရဲရင့်ခြင်းကို ပြသခဲ့တယ်။ ဒါဟာ လုပ်ကြံညာဖြီးလို့ရတဲ့ ကိစ္စမျိုးမှ မဟုတ်တာ။ ၈၈-မျိုးဆက်ကျောင်းသားတွေက ဦးဆောင်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြပွဲတွေ လုပ်ခဲ့ပြီးတဲ့နောက် ဆန္ဒမှန် ဖော်ထုတ်ပြရဲတဲ့ ပြည်သူတွေ တဖြည်းဖြည်း ပါလာကြပါတယ်။ အဲဒီဆန္ဒပြတဲ့ သူတွေကို နအဖလက်ကိုင်တုတ်တွေက အတင်းအကြမ်းဖက် ဆွဲလွဲပြီး ကားတွေပေါ် အင်အားသုံး အကြမ်းဖက်ပြီး ဖမ်းဆီးခဲ့ကြပါတယ်။ အခွင့်အရေးလေး နှစ်ပြားတပဲဖိုး ရထားတာကို အဟုတ်ကြီးထင်ပြီး ရှူးတိုက်တိုင်း ကိုက်ဖို့ပြင်နေတဲ့ ယုံကြည်ချက်မရှိ၊ ရည်မှန်းချက်မရှိ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိတဲ့ လူ့အန္ဓတွေကိုပဲ သူတို့(နအဖစစ်အုပ်စု) စည်းရုံးနိုင်ပါလိမ့်မယ်။
လက်နက်လည်းမရှိ လုပ်ပိုင်ခွင့်တွေလည်း မရှိပေမယ့် ပြည်သူတွေနဲ့ တသားတည်း ကျနေတဲ့ (သူတို့မှာ မရှိတဲ့ ) အရည်အချင်းတွေ ရှိနေတဲ့ သူတွေကိုတော့ စစ်အုပ်စုက လုံးဝ လိုလားတာ မဟုတ်ပါဘူး။ အဲလို ပြည်သူတွေနဲ့ တသားတည်းကျတဲ့ သူတွေ ပေါ်လာရင်လည်း ဖြစ်တဲ့နည်းနဲ့ သူတို့ တားဆီးပါလိမ့်မယ်။ ဒါပေမယ့် လူတွေက မတရားတာကို ခံလာရတာ များတော့ ခါးသီးလာကြပါတယ်။ ကိုယ်တိုင် မပါရဲရင်တောင် ဘေးကနေ အားပေးကြတာကိုကြည့်ရင် ပြည်သူ့ရင်ထဲမှာ ဘာတွေရှိတယ်ဆိုတာ သူတို့သိဖို့ ကောင်းပါတယ်။ အမှန်တရားကို ရင်မဆိုင်ရဲလို့၊ မျက်စေ့မှိတ်ပြီး ဇွတ်ငြင်းနေတာမျိုး မဟုတ်တာတွေ လျှောက်ပြောနေတာမျိုးကတော့ ပြည်သူတွေက ပိုပြီး အယုံအကြည်ပျက်အောင် အရိုအသေတန်အောင် လုပ်နေသလိုပါပဲ။ အဲဒါမျိုးက ကိုယ်တိုင်မလုပ်ရင် ဘယ်သူမှ လုပ်လို့မရပါဘူး။ နအဖအနေနဲ့ ကိုယ့်သေတွင်း ကိုယ်တူးနေတယ်ဆိုတာကို သဘောမပေါက်လို့ အဲသလိုလုပ်နေတာပါ။ ပိုပြီးဆိုးတာက မကျေနပ်မှုတွေကြောင့် ဆန္ဒပြပွဲတွေ နေရာအနှံ့မှာ ဖြစ်ပွားလာတဲ့အပေါ် ကိုင်တွယ်တာ တော်တော်ကို ညံ့ဖျင်းလွန်းပါတယ်။
ကျမကတော့ တိုင်းပြည်ကို (သဘောတူတူ၊ မတူတူ) အုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့တော့ ဒီလို ကိစ္စမျိုးကို ပါးပါးနပ်နပ် ကိုင်တွယ် လုပ်ဆောင်သွားသင့်တယ်လို့ ယူဆတာပဲ။ အခုတော့ စက်တင်ဘာ အရေးတော်ပုံကို ဖြိုခွင်းလိုက်ပုံကြောင့် စစ်တပ်အစိုးရဆိုတာ အကြမ်းဖက်တာပဲ တတ်တယ်လို့ ပြည်သူတွေက လုံးဝဥဿုံ ယုံကြည်သွားပါတော့တယ်။ဗုဒ္ဓဘာသာဖြစ်တဲ့ မြန်မာပြည်အနေနဲ့ ပခုက္ကူမှာဖြစ်တဲ့ ကိစ္စကတော့ တော်တော်ကြီး အရုပ်ဆိုး အကျည်းတန်ပါတယ်။ ကိုယ့်အတွက် ကိုယ့်နေရာတခုကလွဲရင် ကိုးကွယ်ယုံကြည်ရာ ဘာသာ သာသနာကိုပါ နင်းချေရဲတဲ့ တဖက်စွန်းရောက်နေတဲ့ အာဏာရူးမှုကို အဲဒီပခုက္ကူကိစ္စမှာ သေသေချာချာ မြင်လိုက်ရပါတယ်။
တကယ်ဆို သာသနာ့အနွယ်ဝင် ရဟန်းတော်တွေပဲ။ သင်္ကန်းမြင်တာနဲ့ ဘုရားသားတော် သာသနာတော်ထမ်းပဲဆိုပြီး ကြည်ညို ဦးချရမှာပါ။ အဲသလိုလုပ်လိုက်ရင် ကိုယ်မှားသွားကို တောင်းပန်ဝန်ချတာ အောက်ကျတယ်လို့ ထင်မြင်ယူဆစရာ မရှိတဲ့အပြင် မှားတာကို ၀န်ခံရဲတဲ့ သတ္တိတော့ ရှိရှာသားပဲလို့ အဆိုးတွေထဲက အကောင်းမြင်စရာ တကွက်တော့ ရှိလာပါဦးမယ်။ သတင်းတွေ ကြားစကတော့ မယုံတ၀က်ရယ်။ လုပ်လိမ့်မယ် မထင်ခဲ့မိကြဘူးလေ။ ပုံကြီးချဲ့သတင်းတွေ ဖြစ်မှာပါလို့ပဲ နေခဲ့ကြတာ။ ရဟန်းတော်တွေ ဒေါသထွက်နေကြတာ သတင်းထဲပါလာတော့ အခြေအနေတွေ ပိုဆိုးကုန်ကြတော့မယ် ဆိုတာကို သိလိုက်တယ်။ သူတို့အနေနဲ့ လုပ်လို့ရတာတွေ အများကြီးပါ။ ရဟန်းတော်တွေကို တောင်းပန်၊ ကျူးလွန်ခဲ့တဲ့ သူတွေကို အရေးယူပေးလိုက်ရင်ကို တော်တန်ရုံ ပြီးသွားမယ့်ဥစ္စာ …။ မိုက်တွင်းနက်လိုက်လေတော့ အ၀ိစိထိ ဆင်းဖို့ပဲ ကျန်တော့တာပေါ့လေ။
အဲဒီရက်ပိုင်းတွေမှာ မုန်တိုင်းရှိတော့ ရာသီဥတုက မှုံမှုံမှိုင်းမှိုင်း။ သံဃာတော်များက ပခုက္ကူမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဟန်းတော်များအား လူသိရှင်ကြား ၀န်ချတောင်းပန်ဖို့ တောင်းဆိုတဲ့အနေနဲ့ အေးချမ်းစွာ ပရိတ်ရွတ်ဖတ် လမ်းလျှောက်ဆန္ဒပြပွဲတွေ နေရာအနှံ့ ပေါ်ပေါက်လာတယ်။ တကယ်ဆို မြန်မာပြည်လို ဗုဒ္ဓဘာသာတိုင်းပြည်မှာ သံဃာ့အားက ကြီးမားလှပါတယ်။ သံဃာထု နောက်မှာလည်း ဗုဒ္ဓဘာသာဝင် ပြည်သူလူထုက အများအပြား။ ယုံကြည် သဒ္ဓါအားကောင်းတဲ့ မြန်မာပြည်သားများအတွက် ကိုယ့်စော်ကားတာမှ သည်းခံနိုင်သေးရဲ့။ ကိုယ်အထွတ်အထိပ်ထား အမြတ်တနိုးထားတဲ့ သူတွေကို စော်ကားတာမျိုးကျတော့ ပိုနာတတ်ကြသေးသည်ပဲ။ အဲဒီမှာ သူတို့လွန်မှန်း မှားမှန်းသိသွားတော့ စစ်အုပ်စုက နည်းနည်း ကိုယ်ရှိန်သတ်သွားတယ်။
နောက်ပိုင်း သံဃာတော်တွေ ပရိတ်ရွတ်ဖတ် ဆန္ဒပြပွဲများတွေမှာ ၀င်ရောက်တားဆီးခြင်း မပြုခိုင်းဘဲ အသာစောင့်ကြည့်စေခဲ့တယ်။ သံဃာတော်တွေက သူတို့သံဃာ့အရေးမို့ ပြည်သူများမပါဝင်ဖို့ ဒေါသထွက်နေတဲ့ ပြည်သူတွေကို မေတ္တာရပ်ခဲ့ပါတယ်။ စက်တင်ဘာ ၁၇-ရက်နေ့ နောက်ဆုံးထားပြီး လူသိရှင်ကြား ၀န်ချတောင်းပန်ခြင်းမပြုက နအဖစစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကံဆောင်မှုကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ ကျမတို့ကတော့ အခုမှ ကြုံဖူးတဲ့ ရဟန်းတော်တွေပါဝင်တဲ့ ဆန္ဒပြပွဲတွေနဲ့ ကံဆောင်မှုတွေကို စိတ်အားထက်သန်စွာ မျှော်လင့်ထားခဲ့ကြပါတယ်။ တကယ်ပါပဲ။ သံဃာတော်တွေ ကံဆောင်ခဲ့ကြပါပြီ။ အဲဒီအချိန်တွေမှာ မိုးတွေကလည်း ကောင်း၊ မိုးတွေ ရေတွေကြားမှာ ၀ိနည်းတော်နဲ့အညီ လွှမ်းခြုံထားတဲ့ သင်္ကန်း စိုစို လေးလေးတွေနဲ့ ဒေါသမပါ ငြိမ်းအေးစွာ မေတ္တာသုတ် ရွတ်ဆိုနေတဲ့ အသံတွေ လမ်းတွေပေါ်မှာ ကြားလာရပါတယ်။
မြင်တဲ့သူတွေ ဘယ်လို ခံစားရမလဲ။ မတုန်လှုပ် ဘယ်သူ နေနိုင်မလဲ။ ပြောကြဦးလေ။ အာဏာကို အချောင် ဖြတ်လမ်းက လိုချင်နေကြတဲ့ ဘုန်းကြီးတွေလို့။ သံဃာတော်တွေရဲ့ မေတ္တာဓာတ်မှာ မေတ္တာအရင်းခံ ရှိပြီးသားဖြစ်တဲ့ ပြည်သူတွေအနေနဲ့ အလွယ်တကူ စီးကူး ပေါင်းစည်းမိသွားကြပါတယ်။ သနားစရာ ကောင်းလောက်အောင် မေတ္တာကို မခံစားခဲ့ဖူးကြတဲ့ သူတွေကတော့ သရဲတစ္ဆေတွေ ပရိတ်တရား မနာဝံ့သလိုဘဲ ဖြစ်နေခဲ့မယ် ထင်တယ်။ စနစ်ကျလှစွာ စည်းကမ်းတကျ ပရိတ်ရွတ်ဖတ် လမ်းလျှောက် ကံဆောင်လာကြတဲ့ သံဃာတော်များကို ပြည်သူတွေ ကျောင်းသားအရွယ် လူငယ်လေးတွေသာမက လူကြီးတွေပါ ၀ိုင်းဝန်းကာရံ ပေးထားကြတာ မြင်တွေ့ရတဲ့ ကျမတို့ရဲ့သွေးတွေ ပြန်လည် ပူနွေးလာကြပါပြီ။ ဒါ ဗမာဟေ့။ ဘယ်တော့မှ ပျောက်ကွယ် ငုတ်လျှိုးမသွားမယ့် တို့မြန်မာတွေရဲ့ အမှန်တရားဘက်က သတ္တိသွေးတွေဟေ့ …။ လူငယ်လေးတွေက ဆံပင် နီကြောင်ကြောင်လေးတွေ၊ ကိုးရီးယား မင်းသားစတိုင်လေးတွေ ပါမယ်။ မိန်းကလေးတွေက ခြေသလုံးတ၀က် ဘောင်းဘီစကတ်လေးတွေ။ ဂျင်းဘောင်းဘီရှည်တွေ ၀တ်ထားကြတာတွေလည်း ပါမယ်။ ထိုင်မသိမ်းနဲ့ ရင်ဖုံးဝတ်မှ မြန်မာပီသမတဲ့လား။ ယဉ်ကျေးမှုဆိုတာ အပေါ်ယံထိန်းသိမ်းရုံနဲ့ ရမတဲ့လား။ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရနိုင်တဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်တို့ မြန်မာလူငယ်တွေရဲ့ အသွေးအသားထဲမှာ ရှိနေတယ်လေ။ ကျမ အားတက်ခဲ့ရတယ်။ သံဃာတော်များ ကြွချီလာတဲ့ လမ်းတလျှောက်မှာ ပြည်သူတွေ တခဲနက် အားပေးနေကြတာကို ကြည့်ပြီး ရင်တွင်း ဆန္ဒအမှန်တွေကို မြင်နိုင်ခဲ့ကြပါတယ်။ ကြောက်ရွံ့စိုးထိတ်မှုတွေရဲ့ နောက်ကွယ်က တကယ့်ဆန္ဒ အစစ်အမှန်တွေကို မြင်တွေ့ကြရတာပါ။
ဒီနေရာမှာတော့ တိုင်းပြည်ချစ်တဲ့ တာဝန်သိ ပြည်သူတွေရဲ့ မီဒီယာလက်နက်က အရေးပါခဲ့ပါတယ်။ အရေးကြီးရင် သွေးစည်းတတ်ကြတာလည်း ကျမတို့ မြန်မာတွေရဲ့ ချစ်စရာ အစဉ်အလာလေးပါ။ တဖြေးဖြေး ဆန္ဒပြပွဲတွေ ကျယ်ပြန့်လာပေမယ့် သူတို့စစ်အုပ်စုဘက်က စောင့်ကြည့်နေဆဲ။ နောက် ၂၅ရက်နေ့ ညဘက် ၁၁နာရီလောက်မှာ လော်စပီကာနဲ့ လိုက်အော်ပါတယ်။ ကျမတို့လည်း သဲသဲကွဲကွဲ မကြားရပါဘူး။ ဒါပေမယ့် အင်တာနက်ထဲမှာ သတင်းတွေ ရောက်လာလို့ `လူ ၅ဦးထက် ပိုမစုရ။ စီတန်း လှည့်လည် လမ်းလျှောက် ဆန္ဒပြခြင်း မပြုရ´ဆိုတဲ့ ပုဒ်မ ၁၄၄ လိုမျိုး ကြေညာချက်ထုတ်မှန်း သိရတယ်။
ညဖက်မှာ သတင်းထူးမယ် ထင်တယ်ဆိုပြီး ဖွင့်ကြည့်မိကာမှ မျက်နှာမကောင်းတဲ့ သံဃာ့နာယက ဆရာတော်တွေကို သာသနာရေးဝန်ကြီးက ကျက်သရေမဲ့တဲ့ မျက်နှာထားနဲ့ ခြိမ်းခြောက်နေတာကို တွေ့လိုက်ရပါတယ်။ ၈၈ - တုန်းကလို ဦးနေ၀င်း တီဗွီထဲကနေ တိုင်းပြည်ကို “ … တည့်တည့်ပစ်မယ် …” လို့ ခြိမ်းခြောက်ခဲ့တာကို ပြန်အမှတ်ရမိပါတယ်။ သူတို့ လူမစုရ ပြောပေမယ့် ပြည်သူတွေအင်အားက ပိုပြီးများလာပါသေးတယ်။ နေ့လည် တနာရီလောက်ဆိုရင် လူစုပြီး ထွက်ကြပါတယ်။ ကိုယ်တတ်နိုင်သလောက် ၀ိုင်းဝန်းနေကြတာပါ။
နောက်တနေ့ … တော်သလင်းလပြည့်နေ့ …။ ကျမတို့ စိတ်တွေ လှုပ်ရှားနေမိတယ် …။ သံဃာတွေနဲ့ ပြည်သူတွေ ဘေးရန်ကင်းစေဖို့ပဲ ဆုတောင်းမေတ္တာပို့ဖို့ ကျမတတ်နိုင်ခဲ့ပါတယ်။ ၀ါတွင်းကာလ အခါကြီးရက်ကြီးမို့ ဥပုသ်သီလ ဆောက်တည်ဖို့ သွားတဲ့သူတွေကို ပြန်လွှတ်တယ်။ ဘုရားဖူးတွေကိုလည်း ဘုရားပေါ် ပေးမတက်ဘူး။ ဘယ်လောက်တောင် ဓမ္မန္တရာယ်ဖြစ်နေပြီလဲ။ လူတွေကတော့ သံဃာတော်တွေ ကြွလာမယ့်နေရာတွေမှာ သွားစောင့်နေကြတယ်။ အခြေအနေ ဆိုးလာနိုင်တယ်ဆိုတာ သဘောပေါက်ကြတော့ သတိတော့ ထားနေကြတယ်။
နေ့လည်ပိုင်းမှာ သတင်းဆိုးတွေ ဆက်တိုက် ၀င်လာပါတယ်။ ဒီလိုပဲ မိုက်ရိုင်းလိမ့်ဦးမှာပဲလို့ သိထားပေမယ့် သံဃာတော်တွေကိုတော့ မလုပ်လောက်ပါဘူးလို့ မယုံချင်သမျှ …။ကျမတို့ သမိုင်းမှာ သွေးစက်တွေ ထပ်ပြီး စွန်းထင်းခဲ့ပြီလေ။ စတေးခဲ့ရတဲ့ သွေးချောင်းထဲ သံဃာတော်တွေရဲ့ သွေးတွေပါ ပေါင်းစည်းလာခဲ့ရပြီ။ အကုန်လုံးဟာ တယောက်မျက်နှာ တယောက်ကြည့်၊ တောက်ခေါက်သံတွေ ညံ။ မျက်လုံးတွေထဲမှာလည်း မခံမရပ်နိုင်တဲ့ ဒေါသမီးလျှံတွေ၊ ဆို့နင့်ကြေကွဲမှုတွေ၊ ယူကြုံးမရတဲ့ ဒေါသမုန်တိုင်းတွေ ထန်ခဲ့ကြရတယ်။ အဲဒီနေ့က မိုးတွေကလည်း ခြိမ်းလိုက်တာ …။ မိုးကြိုးပစ်သံတွေကိုလည်း ကြားနေရတယ်။ သကြားမင်းကတော့ သတိပေးရုံ သက်သက်ပဲထင့်။ မိုးကြိုးလက်နက်ဟာ သူတို့အပြစ်နဲ့စာရင် သက်သာလွန်းနေလို့ ဖြစ်မှာပဲ။
လမ်းတွေပေါ်မှာ လူသူတွေ ခြောက်ကပ်၊ ဆိုင်တွေ စောစောပိတ်၊ ရုံးသူရုံးသားတွေလည်း စောစောပြန်ကြနဲ့။ လမ်းပေါ်မှာ စစ်ကားတွေ … စစ်ကားတွေ။ လက်နက်မရှိတဲ့ သူတွေကို ရင်ဆိုင်ဖို့ သေနတ်တွေထောင်၊ ဒိုင်းတွေနဲ့ အကာအကွယ်ယူ။ လည်စည်း အနီတွေ၊ ခရမ်းတွေ။ မျက်နှာတွေကို စေ့စေ့ မကြည့်ချင်ပေမယ့် ဘယ်လိုမျက်နှာထားတွေမျိုးနဲ့ နေကြပါလိမ့်လို့ စက်ဆုပ်စွာ ကြည့်မိတော့ … အံ့သြစရာ …။ တင်းမာခက်ထန် နေရမယ့်အစား မောပန်းနွမ်းနယ် နေကြလေရဲ့။ အော်… သူတို့တွေလည်း “ … သံဃံ သရဏံ ဂစ္ဆာမိ…” ရွတ်ဆိုဖူးခဲ့ကြသူတွေ ဖြစ်မှာပါ။ အဇာတသတ်လို ဒေ၀ဒတ်ကို ဆရာတင် မှားမိလေတော့ …။
ကျမတို့တွေလည်း သတင်းတွေ နားထောင်၊ တယောက်နဲ့ တယောက်ဖလှယ် အင်တာနက်ထဲကနေ အချင်းချင်း ဆွေးနွေး တိုင်ပင်ကြနဲ့ သွေးတွေ ပွက်ပွက်ဆူနေခဲ့ကြပါတယ်။ လုပ်ရက်လေခြင်း၊ မိုက်ရိုင်းလိုက်ကြတာ။ ဘာတဲ့ … သံဃာ အတုအယောင်တွေပါတဲ့။ သံဃာတွေကို စော်ကားပြီးရင်း စော်ကားနေလိုက်ကြတာ …. နောက်ဆုံးတော့ သံဃာစင်ပါ မှောက်ခဲ့ရပြီလေ။ ငွေကြာယံ ဘုန်းကြီးကျောင်းကို ၀င်စီးတယ်တဲ့။ ဘယ်လိုမှ ကြားလို့ မသင့်တော်။ ရန်သူ့စခန်း သိမ်းသလိုမျိုး ဘုန်းကြီးကျောင်းကို ၀င်၊ ရိုက်နှက် လုယက် လုပ်သွားလိုက်ကြတာ။ သူတို့ ဘယ်လိုစစ်သား အရိုင်းအစိုင်းတွေကို ဘုန်းကြီးကျောင်းထဲ ၀င်ဖျက်ဆီးခိုင်းသလဲ။ အရင်က ရွာတွေဝင် မီးရှို့ဖျက်ဆီး မုဒိမ်းကျင့်တာ တပ်မတော်က လုပ်တယ်ပြောရင် သိပ်မယုံလှဘူး။ အခုလို အထင်ကရ ရန်ကုန်မြို့ကြီးပေါ်မှာ ဒီလို အဖြစ်အပျက်တွေ ဖြစ်ခဲ့တာကို ကိုယ်တိုင်သိလိုက်ရတဲ့ အခါကျမှ လူမသိ သူမသိ ရိုင်းစိုင်းနှိပ်စက် အနိုင်ကျင့်ခံရတာတွေကို မှန်းကြည့်လို့ ရခဲ့ပါတယ်။
သူတို့အနေနဲ့ အရင်ကလို တခုတည်းသော အစိုးရ မီဒီယာတွေနဲ့ လိမ်ချင်တိုင်းလိမ်၊ ညာချင်တိုင်း ညာလို့ မရတော့တဲ့အတွက် ခေတ်မီ နည်းပညာတွေကို ကျမတို့ ပြည်သူတွေ ကျေးဇူးတင်လို့ မဆုံးပါဘူး။ စစ်အစိုးရသတင်းက လိမ်ဖို့ ညာဖို့ ပြင်ဆင်တုန်း အင်တာနက်ထဲမှာ ပုံတွေနဲ့ သတင်းတွေ နောက်ဆုံးမိနစ်ပိုင်း အချိန်အထိ ပြည်သူ့သတင်းတွေက ဦးနှင့်နေပြီ။ သူတို့ဘက်ကို ထိလာတော့ ထုံးစံအတိုင်း ညစ်ပတ်ပြီပေါ့။ မျက်စေ့ထဲ သဲနဲ့ ပက်လိုက်တာလေ။ အင်တာနက် ကွန်နက်ရှင်တွေ အကုန်ဖြတ်၊ ဖုန်းတွေ ခေါ်မရ၊ မိုဘိုင်းဖုန်းတွေ အကုန်ပိတ်၊ မက်ဆေ့ခ်ျတွေလည်း ပို့မရ။
အဲဒီတော့လည်း ရေဒီယိုတွေ နေ့ချင်းညချင်း အ၀ယ်လိုက်ကြတာ။ ပြည်သူတွေ နားထောင်ချင်တာ တကယ့်သတင်းမှန်။ ကိုယ့်အခြေအနေ ပြန်စစ်ကြည့်ရင် သူတို့ရဲ့ မီဒီယာတွေ ဘယ်အဆင့် ရောက်နေပြီလဲ သိသင့်တာကြာပြီ။ ပြောချင်ရာပြော ရေးချင်တာရေးထားတဲ့ သတင်းတွေကို သူတို့ကိုယ်တိုင်ရော နားထောင်ဖြစ်၊ ဖတ်ဖြစ်မယ်မထင် (ကိုယ့်ပုံကိုယ်ကြည့်ဖို့ကလွဲရင်)။ မသိနားလည်သေးတဲ့ စကားမပြောတတ်သေးတဲ့ ကလေးကတောင် ကိုးရီးယားဇာတ်လမ်းပြီးလို့ သတင်းလာတာနဲ့ ရုပ်မြင်သံကြားကို လာပိတ်တော့တာပဲ။ မီဒီယာတွေရဲ့ အမှန်တရားရိုက်ချက်က တော်တော် အထိနာသွားလို့ သူတို့တွေ ဟန်ကိုယ့်ဖို့တောင် မလုပ်နိုင်တော့။ နိုင်ငံပိုင် သတင်းစာ တမျက်နှာ အပြည့်နီးပါး သွေးရူးသွေးတန်း ထအော်တော့တာပဲ။ ပြည်သူတွေကတော့ ရပ်ကွက်ထဲက အော့ကြောလန် အရက်သမား လူရမ်းကား အရက်မူးပြီး ရမ်းနေသလိုသာ သဘောထားတော့တယ်။ အမူးသမား စကားတော့ ဘယ်လိုအော်အော် ဘယ်သူမှ အရေးမထားပါဘူး။ သိက္ခာမရှိတဲ့သူရဲ့ စကား ဘယ်သူယုံလို့ နားထောင်မှာလဲ။
ကျမတို့တွေကတော့ သတင်းမှန်သိနိုင်မယ့် နောက်ကိုသာ အတင်းလိုက်ကြတော့တယ်။ ရေဒီယိုသတင်း၊ ဂြိုလ်တုစလောင်းတွေက သတင်းတွေကိုသာ ကြည့်ကြတယ်။ ဘယ်လိုမှ ဖုံးလို့မရ၊ ဖိလို့မရ။ ကမ္ဘာ့အလယ်မှာ သူတို့ အရှက်တကွဲ အကျိုးနည်းခဲ့ရပြီ။ ကျမတို့မှာလည်း သတင်းတွေကြည့် နားထောင်နဲ့။ အစားအသောက်လည်း ကောင်းကောင်း မ၀င်၊ အိပ်လို့လည်း မပျော်။ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ ညအခါသမယမှာ ကားကြီးသံတွေ လမ်းမပေါ်မှာ ကြားနေရတော့ `အော်… ဘယ်သူတွေကို ထပ်ဖမ်းလာပြီး နှိပ်စက်ဦးမလဲ´လို့ စိတ်မချမ်းသာ အိပ်မရ။ ထထိုင်ပြီး တွေးနေမိပြန်။ ငါတို့တွေ ဘာလုပ်ရမလဲ။ ဘယ်လိုလုပ်မှ ငါတို့တိုင်းပြည် လူလူသူသူ ပြန်ဖြစ်လာမလဲ။ တွေးရင်း တွေးရင်း စိန်တုံး စိန်ခဲတွေကို မြင်လာ၊ `စိန်အစစ်ဆိုတာ ဒါမျိုးကို ခေါ်သတဲ့´။ စိန်အစစ်လည်း ပြည်သူတွေ မမြင်ဖူးချင်ပါဘူး၊ ပြည်သူတွေက အလင်းရောင်လေးနဲ့ နေချင်ရုံလေးပါ။ အဖမ်းခံရတဲ့သူတွေ အနှိပ်စက်ခံရတဲ့သူတွေ မပြောနဲ့။ ပြည်သူတွေအားလုံး စိတ်မချမ်းမသာ ဖြစ်ခဲ့ရတဲ့ ရက်တွေပါ။ နောက်တခါ ထပ်ရှုံးခဲ့ရင်ဖြင့် နောက်ထပ် ၁၉-နှစ် အနှစ်နှစ်ဆယ် နီးပါး အဖိနှိပ်ခံရမယ့် အရေးကိုလည်း တွေးမိတိုင်း အခုပွဲကို အမှန်တရားဘက်ကပဲ အနိုင်ရစေချင်နေကြပါတယ်။
ရှုံးလို့မဖြစ်ဘူးလို့ အချင်းချင်း အားပေးပေမယ့် လက်နက်ကိုင်နဲ့ လက်နက်မဲ့တို့ရဲ့ တိုက်ပွဲမှာ ရုပ်ပိုင်းဆိုင်ရာကို သူတို့ဖျက်ဆီးနိုင်ခဲ့တယ်။ ဒါပေမယ့် ဆန္ဒပြသူတွေရဲ့ စိတ်ဓာတ်အင်အားကိုတော့ သူတို့ယှဉ်လို့မရခဲ့ပါဘူး။ ရပ်တည်တဲ့ ဘက်ကပဲ ကြည့်ကြည့်၊ ယုံကြည်ချက်နဲ့ စွန့်ရဲနိုင်မှုကပဲ ကြည့်ကြည့် တာဝတိံသာနဲ့ အ၀ိစိလောက်ကွာပါတယ်။ သူတို့တွေ သတင်းတွေ ဒီလောက်ပိတ်ထားတဲ့ ကြားက မြင်ရတဲ့ အနိဌာရုံ မြင်ကွင်းတွေကို မမြင်ချင် မကြည့်ချင်ပေမယ့် အမှန်တရားကို သိအောင်တော့ အားတင်းပြီး ကြည့်ကြရ။ ရင်ထဲမှာလည်း ဆို့နင့်နေလို့။ ကလေးတွေ မမြင်အောင်တော့ ကွယ်ထားရသေးတယ်။ ဘယ်သူတွေက လုပ်လို့ ဒီလို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာလဲ မေးရင် ကျမ ဘယ်လိုဖြေရမလဲ။ နုနယ်လှတဲ့ ကလေးတွေကို အစိုးရ မကြိုက်တာ လုပ်မိလို့ အမှန်တရားဘက်က ရပ်တည်မိလို့ ဒီလို အဖြစ်ဆိုးတွေနဲ့ ကြုံရတယ်လို့ အမှတ်မမှားစေချင်ဘူး။
ဒီလို ဆိုးဝါးရက်စက်တဲ့ သူတွေကို ဘာလို့ မေမေတို့က ဒီအတိုင်း ငုံ့ခံနေကြတာလဲလို့ မေးလာခဲ့ရင်လည်း ကလေးတွေရဲ့ သူရဲကောင်းကြီးပဲ လုပ်ချင်တဲ့ ကျမ ဖြေရမှာ ရှက်တယ်။စွန့်ဝံ့တဲ့ သူတွေကတော့ စွန့်သွားကြတယ်။ ကိုယ့်အသိုက်အမြုံလေး ပြိုကွဲမယ်မှန်း သိပေမယ့် ၊ ကိုယ့်ချစ်တဲ့ သူတွေနဲ့ ခွဲသွားရမယ်မှန်း သိပေမယ့်၊ ကိုယ့်အတွက် ယုံကြည်ချက်ကလွဲလို့ ဘာမှ မယူဆောင် သွားနိုင်ခဲ့ကြတဲ့ အသက်စွန့် သွားကြတဲ့၊ ကိုယ်ပင်ပန်း စိတ်ဆင်းရဲ ခံနေကြရတဲ့ သူတွေအတွက် ကျမတို့ အေးအေးသက်သာ မေ့မေ့လျော့လျော့ နေရက်ကြမှာလား။ ရောက်တဲ့နေရာမှာ ကိုယ်ယုံကြည်တာတွေကို မေ့ပြီး ပျော်နေသင့်သလား။
ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် သူချစ်လှစွာသော မိသားစုနဲ့ အေးအေးချမ်းချမ်း နေနိုင်တဲ့ ဘ၀ကိုထားခဲ့ပြီး ဘာအတွက် မြန်မာပြည်မှာ ဒုက္ခခံပြီး နေနေရသလဲဆိုတာကို ကိုယ်ချင်းစာကြည့်ပေးကြပါ။ ကိုယ့်သားသမီးတွေ ကောင်းစားဖို့ စဉ်းစားနေတဲ့ အချိန်မှာ သွေးမြေကျခဲ့ရတဲ့ ကျောင်းသားလေးတွေကို သတိရပေးကြပါ၊ ဘုရားရှိခိုး အာရုံပြုတိုင်းလည်း ထေရ၀ါဒ ဗုဒ္ဓဘာသာ မကွယ်ပျောက်အောင် ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိတယ်ဆိုတာ မေ့မထားကြပါနဲ့။ နောက်ဆုံးတော့ ဆရာကြီးဇော်ဂျီရဲ့ ‘တို့တိုင်းပြည်’ကဗျာထဲကလိုပဲ တောကပြိတ္တာ မဖြစ်ရလေအောင် တစိပ်တ၀မ်းညီညီနဲ့ ကိုယ့်တိုင်းပြည်အတွက် ကိုယ်စီတာဝန်ယူတတ်ကြရင်တော့ရွှေပြည်တော်မျှော်တိုင်းမဝေးလောက်တော့ပါဘူးလို့ ယုံကြည်ပါတယ် …။ ။
မြန်မာအမျိုးသမီးတဦး

A

B

C

The Kitchen မီးဖိုချောင်