Friday, March 14, 2008

တိုက်ချိန်တန်ပြီ

တိုက်ချိန်တန်ပြီ
ဒေါက်တာလွဏ်းဆွေ(၂၀၀၆ ခုနှစ် ဇွန်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)

၁၉၈၈ခုနှစ် သြဂုတ်လ(၈)ရက်နေ့ကစပြီး မြန်မာပြည်အနှံ့ မြို့နယ်ဒေသအသီးသီးမှာဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံ ချီတက်ဆန္ဒပြပွဲကြီးဟာ ၁၉၈၈ခုနှစ် စက်တင်ဘာလဆန်းပိုင်းမှာ အရှိန်အဟုန် တော်တော် မြင့်မားလာခဲ့တယ်။ မဆလအစိုးရလက်ထဲမှာ အာဏာစက်ဆိုတာ လုံးဝမရှိတော့သလောက် ဖြစ်နေပြီ။ မြို့တိုင်းနယ်တိုင်းမှာ သံဃာတော်တွေနဲ့ သပိတ်ကော်မတီဝင်တွေ လက်တွဲပြီး အုပ်ချုပ်နေကြရတယ်။ အဲဒီအချိန်အထိ စစ်တပ်က ဘယ်ဘက်ကိုမှ ၀င်မပါဘဲ ကြားနေခဲ့တယ်။ ရန်ကုန်မှာရှိတဲ့ အတိုက်အခံ ခေါင်းဆောင်တွေ စုပေါင်းပြီး မဆလအစိုးရထံ ကြားဖြတ်အစိုးရ ဖွဲ့ပေးဖို့ တောင်းဆိုနေခဲ့တယ်။ မဆလအစိုးရဟာ အာဏာစက် မရှိတော့ပေမယ့် အတိုက်အခံတွေ တောင်းဆိုတာကိုလည်း မလိုက်လျောဘဲ တင်းခံနေခဲ့တယ်။ အဲဒီလို တောင်းဆိုရင်းနဲ့ ဆန္ဒပြတဲ့ ရက်တွေ ရှည်ကြာလာခဲ့ပြီး တိုက်ပွဲက အီလည်လည် ဖြစ်နေခဲ့တယ်။
အဲဒီအချိန်မှာ ၁၉၆၂ ခုနှစ်က အာဏာရှင် ဗိုလ်နေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီရဲ့ အာဏာသိမ်းခြင်းကို ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနုက သူ့ဆီက ဗိုလ်နေ၀င်း လက်နက်အားကိုးနဲ့ သိမ်းယူခဲ့တဲ့ နိုင်ငံတော်အာဏာကို ပြန်လည်ရယူလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာလ(၉)ရက်နေ့မှာ ကြေညာလိုက်ပြီး အစိုးရအဖွဲ့စာရင်းပါ တပါတည်း ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲကို (၆)လအတွင်း ကျင်းပပေးမယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံရေးအကင်းပါးသူက မဆလအစိုးရရဲ့ သမ္မတဖြစ်တဲ့ ဒေါက်တာမောင်မောင်လို့ ပြောရမယ် ထင်ပါတယ်။ ဒေါက်တာမောင်မောင်ဟာ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ခြေလှမ်းကို ချက်ချင်း ရိပ်မိတယ်။ ဦးနုအစိုးရအဖွဲ့ ကြေညာတာကို ပြည်တွင်းက အဖွဲ့အစည်းအသီးသီးနဲ့ နိုင်ငံတကာက တပြိုင်နက်ထောက်ခံလိုက်ရင် သူ့ရဲ့မဆလအစိုးရ ပြုတ်ကျတော့မယ် ဆိုတာကို လုံးဝသဘောပေါက်တယ်။
အဲဒီလို သဘောပေါက်တဲ့အတွက် ပြည်တွင်းပြည်ပက ဦးနုရဲ့ အစိုးရအဖွဲ့ကို ထောက်ခံသင့်မသင့် ချိန်ဆနေကြချိန်မှာပဲ ဒေါက်တာမောင်မောင်ဟာ ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူတဲ့အကြောင်း အလျင်အမြန် ကြေညာခဲ့တယ်။ အဲဒီအချိန်တုန်းက ဆန္ဒပြပွဲတွေဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ခြင်း မရှိတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတုကြီးကို ဒေါက်တာမောင်မောင် တယောက် အရေးပေါ် ကျင်းပပြီး မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ရတယ်။ ဘယ်လောက်တောင် ရုပ်ပျက်သလဲဆိုရင် ဒေါက်တာမောင်မောင် မိန့်ခွန်းပြောတာကိုပဲ ရိုက်ကူးပြီး အရင်လွှတ်တော်အစည်းအဝေးတွေတုန်းက တက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ပုံတွေနဲ့ ဖြတ်ညှပ်ကပ်လုပ်ပြီး လွှင့်ထုတ်ခဲ့တာပါ။ ဒါကိုကြည့်ရင် ဒေါက်တာမောင်မောင်ဟာ ဦးနုရဲ့ တိုက်ကွက်ကို အလွန်ပဲ စိုးရိမ်ထိတ်လန့်တယ်ဆိုတာ ပေါ်လွင်တယ်။
ဒါပေမယ့် ဦးနု အဲဒီလို စင်ပြိုင်အစိုးရအဖွဲ့ ကြေညာတာကို အတိုက်အခံတွေထဲမှာ တချို့အဖွဲ့တွေ၊ တချို့ခေါင်း ဆောင်တွေက ပွဲလန့်ဖျာခင်းတယ်လို့ အထင်အမြင်မှားပြီး မထောက်ခံတဲ့အတွက်ကြောင့် ဦးနုရဲ့ စင်ပြိုင်အစိုးရဖွဲ့စည်းမှု တိုက်ကွက်ဟာ အောင်မြင်မှုမရဘဲ ဖြစ်ခဲ့ရတယ်။ တကယ်တော့ ဦးနုဟာ အာဏာမက်မောလို့ မဟုတ်ဘဲ အီနေတဲ့ ဆန္ဒပြပွဲကြီးကို အဆုံးသတ်ပေးဖို့ နိုင်ငံရေးအဆင့်တဆင့် မြှင့်လိုက်တာပါ။ အာဏာမမက်မောလို့လည်း (၆)လအတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ တပါတည်း ကြေညာခဲ့တာပါ။ အတိုက်အခံအဖွဲ့တွေ အားလုံးကသာ တညီတညွတ်တည်း ထောက်ခံမှုပေးခဲ့ရင် အဲဒီအချိန်ကတည်းက မဆလအစိုးရ ပြုတ်ကျပြီး ပြည်သူလူထုက တင်မြှောက်တဲ့ အရပ်သားအစိုးရ စောစီးစွာ ပေါ်ထွန်းခဲ့မှာပါ။အဲဒီတိုက်ကွက်ကို ဒေါက်တာမောင်မောင်က သိမြင်ပြီး ဦးနု အစိုးရဖွဲ့တာ မအောင်မြင်အောင် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးမိန့်ခွန်းမှာ (၃)လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်၊ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြရအောင်လို့ မက်လုံးပေး ပြောကြားခဲ့ရတာပါ။ ဒါပေမယ့် အတိုက်အခံတွေဘက်က ဦးနုစင်ပြိုင်အစိုးရကိုလည်း တညီတညွတ်တည်း မထောက်ခံ၊ ဒေါက်တာမောင်မောင် မက်လုံးပေးတာကိုလည်း လက်မခံဘဲ ကြားဖြတ်အစိုးရဖွဲ့ပေးဖို့သာ ဆက်လက် တောင်းဆိုနေခဲ့တယ်။ အဲဒီလို ဆက်လက် တောင်းဆိုနေစဉ်မှာပဲ သူခိုးလက်က သူဝှက်လု ဆိုသလို နိုင်ငံတော် အာဏာကို န၀တစစ်အုပ်စုက လက်နက်အားကိုးနဲ့ သိမ်းယူခဲ့ပါတော့တယ်။ အဲဒီအချိန်မှာ ကြားနေနေတဲ့ စစ်တပ်က အာဏာသိမ်းရဲသွားတဲ့ အကြောင်းအရင်းတွေထဲမှာ အတိုက်အခံအုပ်စုတွေ ညီညွတ်မှု မရှိတော့တာကို သိရှိသွားတာကလည်း အဓိက အချက်အနေနဲ့ ပါဝင်မယ်လို့ ယူဆပါတယ်။ ဒီကနေ့ အချိန်ထိလည်း ပြည်တွင်းပြည်ပမှာရှိတဲ့ အတိုက်အခံ အုပ်စုတွေကြားမှာ အဓိကဖြစ်နေတဲ့ ပြဿနာက ညီညွတ်မှုမရှိဘဲ တယောက်တပေါက် ထင်ရာမြင်ရာ လုပ်နေကြတဲ့ ကိစ္စပါပဲ။ အဲဒီအချက်ကို နအဖက အခွင့်ကောင်းယူ အုပ်ချုပ်နေတာပါ။
တကယ်က ဦးနုစင်ပြိုင်အစိုးရ ကြေညာတာကို မထောက်ခံသည့်တိုင် အတိုက်အခံ ခေါင်းဆောင်တွေ ညီညီညွတ်ညွတ်နဲ့ ညှိနှိုင်းပြီး စင်ပြိုင်အစိုးရ ဖွဲ့စည်းကြေညာနိုင်ခဲ့ရင်လည်း မဆလအစိုးရ ပြုတ်ကျမှာ သေချာပေါက်ပါ။ အဲဒီလို စင်ပြိုင်အစိုးရ ကြေညာပြီး ‘တိုက်ရမှာ’ကို ကြားဖြတ်အစိုးရ ဖွဲ့ပေးဖို့ ‘တောင်းနေရင်း’နဲ့ ညီညွတ်မှု ပြိုကွဲပြီး န၀တကျားဆွဲတာကို ခံလိုက်ရတာပါ။ ဒါက ပထမဆုံးအကြိမ် တောင်းဆိုရင်းနဲ့ ကျရှုံးခဲ့ရတဲ့ နစ်နာဆုံးရှူံးမှုကြီး တခုပါ။
ဒုတိယအကြိမ် တောင်းဆိုရင်းနဲ့ ဆုံးရှူံးခဲ့ရတဲ့ နစ်နာမှုကတော့ ၁၉၉၀ပြည့် ဇူလိုင်လ (၂၈၊၂၉)ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ ဂန္ဓီခန်းမ အစည်းအဝေးမှာဖြစ်ပါတယ်။ ၁၉၉၀ပြည့်နှစ် မေလ (၂ရ)ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ စုံညီစွာ တက်ရောက်ကြတဲ့ အစည်းအဝေးပွဲပါ။ အဲဒီအချိန်မှာ န၀တ စစ်အုပ်စုကလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အရေအတွက်ရဲ့ ၈၀ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး အစိုးရအဖွဲ့ ကြေညာမှာကို စိုးရိမ်ကြောက်လန့်လို့ ၁/၉၀ အမိန့်ကြေညာချက်ကို ဇူလိုင်လ (၂၇)ရက်နေ့မှာ တရက်ကြိုတင်ထုတ်ပြန်ပြီး ဟန့်တားခဲ့တာ ဖြစ်တယ်။ ပြည်သူလူထုကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအဖွဲ့ ကြေညာရင် တခဲနက် ထောက်ခံအားပေးဖို့ ဂန္ဓီခန်းမ အပြင်ဘက်မှာ စုရုံးရောက်ရှိနေခဲ့တယ်။ ဒါပေမယ့် အဖွဲ့ချုပ် ခေါင်းဆောင်တွေက ပြည်သူ့လွတ်တော်ခေါ် ယူပေးဖို့ပဲ တောင်းဆိုခဲ့လို့ ပွဲသိမ်းမယ့် အခွင့်အရေးတခု ဆုံးရှူံးခဲ့ပြီး လူထုကြီးရဲ့ မျှော်လင့်ချက်တွေ မပြည့်ဝဘဲ ဖြစ်ခဲ့ရပါတယ်။
န၀တ စစ်အုပ်စုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ ကြေညာမှာကို စိုးရိမ်ထိတ်လန့်ပြီး ၁/၉၀ကို အရေးပေါ် ထုတ်ပြန်ခဲ့တယ်ဆိုတာ အဲဒီအမိန့်ကြေညာစာ အပိုဒ်(၁၅)မှာပါတဲ့ ‘လွတ်လပ်ရေး ရရှိခဲ့ကြသည့် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် အချုပ်အခြာအာဏာကို လက်ဆုပ်လက်ကိုင် ရပြီးမှသာ တိုင်းပြည်ပြည်ပြု လွှတ်တော်ကို ခေါ်ယူ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲကြသည့် အစဉ်အလာရှိသည်’ ဆိုတဲ့ စာကြောင်းကို ဖတ်ကြည့်ရင် သိသာထင်ရှားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့လည်း ပြည်သူလွှတ်တော် ကိုယ်စားလှယ်နေရာ (၄၈၅)နေရာမှာ (၃၉၂) နေရာရရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ရဲ့ ၈၀ ရာခိုင်နှုန်း ကျော်တဲ့အတွက် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေရဲ့ ကျင့်ထုံးအတိုင်း အစိုးရတရပ်ကို ခိုင်မာစွာ ဖွဲ့စည်းနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါပေမယ့် န၀တ ခြောက်လှန့်တဲ့ ၁/၉၀ကို လိုက်နာပြီး ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိုသာ တောင်းဆိုခဲ့လို့ ဒုတိယအကြိမ်မြောက် ပွဲသိမ်းမယ့် အနေအထားကို လက်လွှတ်ခဲ့ရတဲ့ နစ်နာဆုံးရှူံးမှုကြီး ဖြစ်ခဲ့ရတာပါ။
အဲဒီနောက်မှာတော့ စစ်အုပ်စုက ဆက်တိုက်ဖိနင်းလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်းဆိုခဲ့သမျှကို အကြိမ်ကြိမ် လစ်လျူရှုခဲ့တာ ဒီကနေ့အထိပါပဲ။ နအဖဘက်က သဘောထား တင်းမာဆဲဖြစ်ပြီး ဆက်လက် ဖိနှိပ်မြဲ ဖိနှိပ်နေပါတယ်။ အလျှော့ပေးမယ့် အရိပ်အယောင် လုံးဝမတွေ့ရဘဲ မိုက်တွင်းနက်နက် ဆက်တူးဖို့ ပြင်နေတာကိုသာ တွေ့နေရပါတယ်။ ဒီမိုကရေစီတိုက်ပွဲကို (၁၇)ကျော်ကြာတဲ့အထိ အပြီးမသတ်နိုင်သေးတဲ့ အတွက်လည်း ပြည်သူတွေ အတိဒုက္ခ ရောက်သထက် ရောက်နေကြရပါပြီ။ ပြည်သူတွေကတော့ အတုံးအရုံးလည်း သေခဲ့ပြီးပါပြီ။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်လည်း ဆန္ဒပြခဲ့ပြီးပါပြီ။ အခွင့်အာဏာကုန်ပေးတဲ့ အနေနဲ့လည်း တခဲနက် မဲပေးခဲ့ကြပြီးပါပြီ။ အခုလည်း နအဖကို အားမတန် မာန်လျှော့ပေမယ့် တိတ်တဆိတ် ဆန့်ကျင်လျက်ပါပဲ။
မြန်မာပြည်လူထုလောက် တော်လှန်ရေးမှာ တာဝန်ကျေတဲ့ ပြည်သူတွေတော့ ကမ္ဘာမှာ ရှိမယ်မထင်တော့ပါဘူး။ ဒါကလည်း ပြည်သူတွေကို အပြစ်ဖို့ချင်တဲ့ လေသံတွေ ကြားကြားနေရလို့ ပြောရတာပါ။ အဲဒီတော့ ပြည်သူတွေ ထပ်သေမှာစိုးလို့ တွေ့ဆုံဆွေးနွေး ရေးလမ်းစဉ်နဲ့ အဖြေရှာဖို့ ကြိုးစားနေတာပါဆိုတဲ့(လက်ရှိအပြင်မှာ ဦးဆောင်နေတဲ့) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို (၁၇)ကျော် ကြာလာတဲ့အခါမှာ ပြည်သူတွေသေမှာ စိုးတာလား ခေါင်းဆောင်တွေကိုယ်တိုင် မစွန့်စားချင် (risk မယူချင်)တာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါပြီ။
စစ်အုပ်စုထံကို တောင်းဆိုနေတဲ့ လမ်းစဉ်ဟာ ထိရောက်မှု မရှိဘူးဆိုတာကို (၁၇)ကျော်ကြာ တိုက်ပွဲကာလက သက်သေပြခဲ့ပါပြီ။ ဒုက္ခအ၀၀ကို ခါးစည်းခံနေရတဲ့ လူထုကို ငဲ့ညာတဲ့အနေနဲ့ တိုက်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့ တောင်းတဲ့ လမ်းစဉ်ကို ရပ်သင့်ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ အနေနဲ့ တောင်းတဲ့ လမ်းစဉ်အစား စစ်အုပ်စုက ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြေညာစာအမှတ် ၁/၉၀ အပိုဒ်(၁၅)ပါ စာသားအတိုင်း အချုပ်အခြာအာဏာကို လက်ဆုပ်လက်ကိုင် ရပြီးမှ လွှတ်တော်ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့အတွက် အစိုးရအဖွဲ့ကို အရင်ကြေညာပြီး ပြတ်ပြတ်သားသား တိုက်ပွဲဝင်သင့်ပြီလို့ ထင်မြင်မိပါကြောင်း အကြံပြု တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်