Sunday, March 2, 2008

နှင်းဆီပင်အသစ်ပျိုးမယ့်သူ(သို့) ဗိုလ်ချုပ်တင်ဦး

၂၀၀၈ခုနှစ်၊ မတ်လ ၁၂ရက်နေ့တွင် အသက်၈၁နှစ် ပြည့်မြောက်ပြီဖြစ်သော အထိမ်းသိမ်းခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး အမြန်ဆုံးလွတ်မြောက်ပါစေ။


ငါငယ်စဉ်ကဗိုလ်တေဇ၊ ဗိုလ်ဇေယျ ဗိုလ်လက်ျာ၊ ဗိုလ်စကြာ အာဇာနည်သူရဲကောင်း၊ စစ်ဗိုလ်တွေအကြောင်းက ကြားရပေါင်းများပေမယ့် နားညောင်းတယ်မရှိ။ ငါ့မိ ငါ့ဖ၊ ငါ့ဦးလေး ငါ့အဒေါ်၊ ငါ့အဖေါ်၊ ငါ့အမတွေက တဖွဖွနဲ့ ပြောကြဆိုကြ၊ ငါကြားရတော့ အားကျဂုဏ်ယူ၊ စစ်စိတ်တွေကတလူလူနဲ့ ဇာတိမာန်ထူခဲ့တယ်။ ဇာတိသွေး ဆူခဲ့တယ်။

ဗိုလ်တေဇ၊ ဗိုလ်ဇေယျတပ်မှာ တပ်သားတွေဟာလည်း ငါတို့ ဦးလေး၊ ငါတို့ အစ်ကို။ လူညိုလူထွား တောကြိုအုံကြားက၊ ထန်းသမားသား လယ်သမားသား၊ အလုပ်သမားတွေ။ ပြည်သူကြားက၊ ပြည်သူ့သား ပြည်သူ့သွေး၊ ပြည်သူကမွေးတဲ့ ပြည်သူ့ တပ်မတော်။ “ရဲဘော်သည် ပြည်သူအတွက်၊ ပြည်သူသည် ရဲဘော်အတွက် မဟုတ်”လို့  ထုတ်ပြန်ကြွေးကြော်။ ဆန်းရဲ့ရဲဘော် ဆန်းနဲ့ တိုက်ဖေါ်မော်ကွန်းဝင်တွေ၊ ငါလည်းနောင်တခေတ် သူတို့လိုဖြစ်ရမယ်လို့၊ တထစ်ချဆုံးဖြတ်၊ စစ်တပ်ဆိုတာ ဒို့အားထားရာ၊ စစ်သားဆိုတာ ဒို့မှီခိုရာ၊ ဒို့ကြည်ညိုတဲ့ ဒို့သမိုင်းမှာ “ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်”တဲ့။ နိုင်ငံတလွှား အသဲကြားက အများပြည်သူ ဂုဏ်ယူအားထား “ယောက်ျားတံခွန်၊ လူရည်ချွန်တွေပါတကား”လို့။

ဒါပေမဲ့ ဒီသမိုင်းဟာ မှိုင်းခဲ့ပါပြီ။ ရိုင်းခဲ့ပါပြီ။ ပြည်သူကိုကျောခိုင်း စစ်တပ်ရဲ့သမိုင်းမှာ တိုင်းပြည်ရဲ့သယံဇာတ ရှိသမျှရောင်းစား ကျောင်းသားကိုသတ်၊ အလုပ်သမားကိုသတ် လယ်သမားကို ကွပ်ညပ်၊ သတ်စရာမကျန်တော့ သံဃာကိုလည်းသတ်၊ သီလရှင်ကိုလည်းသတ်၊ ချွေးတပ်တွေဆွဲ၊ တောထဲတောင်ထဲမှာလည်း ကျွန်းပင်တွေ ခုတ်လှဲသလို ရှမ်း၊ ချင်း၊ ကရင်၊ မွန်မပျိုလေးတွေလည်းဆွဲ၊ ၀က်ဆွဲ ကြက်ဆွဲ၊ သဘက်သရဲတွေဖြစ်၊ စစ်ဗိုလ် စစ်သား၊ စစ်ထွက်များဆို အနားတောင်မသီဝံ့။ ရွံ့ကြောက်စက်ဆုပ် အသက်ဖက်နဲ့ထုပ်။ ပြည်သူတွေ ချောင်ကုပ်၊ ကလိယုဂ် အမှောင်ခေတ်ဟာ၊ နှစ်ငါးဆယ်ကျော်ခဲ့ပါပြီ။

၁၉၈၈- စစ်ဗိုလ်စစ်သား စစ်အာဏာရှင်များ မတရားအုပ်ချုပ်၊ မင်းလုပ်တာကိုမုန်းလို့ ရှစ်လေးလုံး အရေးတော်ပုံ ရဟန်းရှင်လူ ပြည်သူပေါင်းစုံ၊ ပေါင်းဆုံညီညွတ် “စစ်အာဏာရှင်စနစ် တိုက်ဖျက်ပစ်”လို့ ဟစ်ကြွေးလိုက်တဲ့အခါ၊ သူထွက်လာခဲ့ပါပြီ။ ဘီလူးနဲ့ လူသား စည်းခြားတဲ့ပွဲမှာ၊ စစ်သားကြီးလူထွက် ပြည်သူ့ ဘက်ပြောင်းခဲ့ပြီ။ သေနတ်ပြောင်းတွေချိန်ထား၊ လှံစွပ်တွေ တလျားလျားနဲ့၊ ခုလိုခေတ်ပျက်မှာ ဗိုလ်ဖြစ်ခဲ့တာ သူရှက်လို့၊ ပြည်သူဘက်ဦးတည်၊ ပြည်သူတို့ တပ်ဦးဆီမှာ၊ ဦးလည်မသုန် ရင်မခုန်ဘဲ ရဲရင့်သူ၊ ရင့်ကျက်သူ၊ တက်ကြွသူ၊ တည်ငြိမ်သူ၊ ဣနြေ္ဒရရနဲ့ နှိမ်ချသူ၊ မျှတသူ၊ သည်းခံသူ၊ ဖြောင့်မှန်တည်ကြည် စိတ်ရှည်တဲ့သူ...။ ပြည်သူအပေါင်းက သောင်းသောင်းဖျဖျ ကြိုဆိုလိုက်ကြတယ်။

သူဟာ သူရတင်ဦးပါ။ တခြား တင်ဦးတွေလို ဘုရင်ရူးမဟုတ်၊ ပလ္လင်ရူးမဟုတ် (သဘင်ရူး၊ ဆင်ရူးလည်းမဟုတ်) ဦးရာကိုယူ ဦးရာလူကိုသတ်၊ ဒီတပ်ထဲက ဒီပဲမျိုးလည်းမဟုတ်၊ ပြည်သူရဲ့ ဗိုလ်ချုပ်ပါ။ သူရတင်ဦးဟာ တခါက ဗမာကို ကျူးကျော်သူ တရုတ်ဖြူကိုလည်း တိုက်ခဲ့ပြီ။ ဖက်ဆစ်ဂျပန် တော်လှန်တဲ့ ပွဲမှာလည်း နွဲခဲ့ဖူးပြီ။ ရဲခဲ့ဖူးပြီ။ သေနတ်ကိုင်စွဲတဲ့ လက်ရုံးရည်တိုက်ပွဲမှာ၊ သတ်ရဲသူ သေရဲသူ တဦးဟာ သေနတ်မပါ၊ ဓားမပါ၊ လှံမဆွဲ၊ နှလုံးရည်တိုက်ပွဲမှာလည်း တိုက်ရဲသူ၊ ခိုက်ရဲသူ၊ အောင်ပွဲယူရဲသူအဖြစ် ပြည်သူချစ်တဲ့ ဗိုလ်ချုပ်တဲ့။

လူတကာစက်ဆုပ်၊ အပုတ်နံ့တထောင်းထောင်း၊ ကြေးစားတပ်အဟောင်းကို ပြောင်းလဲသန့်စင် “နှင်းဆီပင် အဟောင်းနှုတ်၊ နှင်းဆီပင်အသစ်ပျိုး” ခေတ်ဆိုးတော်လှန် ခေတ်သစ်ပြောင်းမှာမို့၊ ဒို့ခေါင်းဆောင် ဒို့တပ်မှူးကို ဦးညွတ်ကာ “အိုးဝေတေး”နဲ့  မွေးနေ့တွေ တရာတိုင်တိုင်၊ ခန့်ကျန်းခိုင် ရွှင်လန်းရအောင် သပြေညို ရွှေဘိုပန်းတွေနဲ့  ရေချိုချို ရေညိုချမ်းတွေနဲ့  ညွန်းတဖွဖွ လွမ်းတသသ သွန်းရပါကြောင်း။ ။

(ဒေါင်းမာန်ဟုန် ဘလော့ဂ်မှ ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်